“သတင်းတင်ဆက်သူ”
အကြမ်းမဖက် အာဏာဖီဆန်ခြင်းကို ကိုင်ဆွဲထားပြီး လမ်းမပေါ်မှာ တောင်းဆိုမှုတွေ ပြုလုပ်ကြချိန်မှာ ကျနော်က ကင်မရာရှေ့ထွက်ပြီး သတင်းတင်ဆက်တယ်။
အများစုက PRESS စာတမ်းပါတဲ့ ဝေ့စကုတ်ကို ဝတ်ဆင်ပြီး ဦးထုပ်မှာလည်း PRESS စတေကာပါ အမှတ်အသား အပြည့်အစုံနဲ့ သတင်းတင်ဆက်နေကြချိန် ဖြစ်ပါတယ်။
ကျနော်ကတော့ ဘာစာတမ်းမှမပါတဲ့ ဦးထုပ်တလုံးကို ဆောင်းပြီး ပုံမှန်ဝတ်နေကျ အဝတ်အစားနဲ့ ရုပ်ထွက်ပြီး သတင်းတင်ဆက်တယ်။ မျက်နှာတဝက်လောက်ပိတ်တဲ့ Mask ကို ဝတ်ထားပြီး အသံဖမ်းတဲ့မိုက်ကိုကိုင်ကာ သတင်းတင်ဆက်တာပါ။
သတင်းတင်ဆက်တဲ့နေရာမှာ နောက်ခံရိုက်ကွင်းရိုက်ကွက် ကောင်းတဲ့နေရာကို ရွေးပြီး ရုပ်သံသတင်းတွေကို တင်ဆက်တာပါ။ ရုံးကားကို အန္တရာယ်ကင်းနိုင်လောက်တဲ့နေရာမှာ ရပ်ထားပြီး ရိုက်လာသမျှကို ကားထဲမှာစောင့်နေတဲ့ ရုပ်သံတည်းဖြတ်တဲ့သူဆီ ပြန်ပို့ရတယ်။ သူ့လက်ထဲ ရုပ်ကတ်တွေ အပ်ပြီးတာနဲ့ ကားထဲကထွက်ပြီး သတင်းပြန်ယူရတယ်။
ဆန္ဒပြမှုတွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းကြမယ့်သူတွေ တဖက်နဲ့တဖက် အပြန်အလှန် လွန်ဆွဲနေတဲ့ အခြေအနေကြားမှာ သတင်းတွေကို ရိုက်ကူးတင်ဆက်ရတယ်။ ရာဘာကျည်နဲ့ပစ်၊ အသံဗုံးဖောက်၊ ဒီလို ဆန္ဒပြသပိတ်တွေကို ဖြိုခွင်းချိန်မှာလည်း အများနည်းတူ ထွက်ပြေးကြရတယ်။
“အခုရောက်နေတာကတော့ စမ်းချောင်းမြို့နယ်က ---- လမ်းမှာပါ၊ ဆန္ဒပြသူတွေက သီချင်းတွေဆို၊ ကြွေးကြော်သံတွေ ရေရွတ်နေကြပါတယ်၊ ခပ်လှမ်းလှမ်းမှာတော့ စစ်ကားတစီး ရပ်ထားပါတယ်၊ တည့်တည့်ကြည့်ရတဲ့ မြင်ကွင်းမှာတော့ စစ်ကားက တစီးတည်း ဖြစ်ပါတယ်၊ လမ်းတဖက်ခြမ်းကနေ ကြည့်ရင်တော့ စစ်ကားလေးစီး ရပ်ထားတာကို တွေ့နေရပါတယ်၊ ရဲဝတ်စုံဝတ်ထားကြတဲ့သူတွေ ကားပေါ်မှာထိုင်နေကြတာကို လှမ်းမြင်ရပါတယ်”
ကျနော်က လမ်းတဖက်ခြမ်းကနေ တခြားတဖက်ခြမ်းကို လမ်းကူးရင်း ရုပ်သံတင်ဆက်တယ်။ ကင်မရာမန်းကတော့ ကျနော်ရွေ့လျားပြောဆိုနေတာကို ကင်မရာထဲက ထွက်မသွားဖို့အရေး ကြိုးစားရိုက်ကူးပေးတယ်။
အဲဒီနောက် အလုံလမ်းမှာ သတင်းယူတယ်။ တချို့နေရာတွေမှာ ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် သပိတ်တွေကို သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက် လူစုပြီး စုပေါင်းသပိတ်မှောက်ကြတယ်။ လမ်းကို သုံးဘလောက်စာလောက်ယူပြီး လမ်းပိတ်ပြီး ဆန္ဒပြကြတာပါ။ လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ဝါးကပ်တွေနဲ့ပိတ်ပြီး အလယ်မှာ စုပေါင်း ဆန္ဒပြကြတာ။ ဒီလိုနေရာမှာလည်း ဆန္ဒပြကြတဲ့ လူအင်အားက မနည်းလှပါဘူး။
“ကျနော် ခုရောက်နေတာကတော့ အလုံလမ်းမှာပါ၊ ဆန္ဒထုတ်ဖော်ကြသူတွေက လမ်းကို ဝါးကပ်တွေနဲ့ပိတ်ပြီး ဆန္ဒပြနေကြတာပါ၊ ဆန္ဒပြရာမှာပါတဲ့ လူငယ်တချို့နဲ့ မေးခွန်းတွေ မေးမြန်းကြည့်ပါမယ်”
“ဘယ်လောက်အထိ တောင်းဆိုသွားဖို့ ရည်ရွယ်ထားပါသလဲ”
အပြေးအလွှားနဲ့ မေးရတဲ့မေးခွန်းက ဒီတခုတည်းပါ။ ဆန္ဒပြသူတွေကို လာပြီး ဖြိုခွင်းဖို့အတွက် ရဲတွေ စခန်းထဲကနေ ကားတွေနဲ့ ထွက်လာနေကြပြီဆိုတဲ့ သတင်းက ဆန္ဒပြသူတွေကြားမှာ ပျံ့နှံ့သွားတယ်။ သတင်းပျံ့ပျံ့ချင်းမှာပဲ တောင်းဆိုသံတွေက ပိုပြီး ကျယ်လောင်လာတယ်။
ကျနော်မေးတဲ့မေးခွန်းကို “အဆုံးထိသွားမယ်” ဆိုတာပဲ မေးသမျှ တယောက်ချင်းစီတိုင်းက ပြန်ဖြေကြပါတယ်။ တကယ်လည်း အဲဒီရက်တွေက ဆန္ဒပြသပိတ်ထက် တိုက်ပွဲဆင်နွှဲနေတဲ့ပုံမျိုး ဖြစ်နေတာပါ။
သိပ်မကြာလိုက်ပါဘူး။ ရဲတွေ ဝါးကပ်နဲ့ကာထားတဲ့ ခြံစည်းရိုးကို စပြီး ဒေါနဲ့မောနဲ့ ဖျက်ဆီးနေပါပြီ။ ကျနော်က ကင်မရာမန်းကို ပြောလိုက်တယ်။
“ကျနော့်ကိုမရိုက်နဲ့တော့၊ ခုဖျက်နေတဲ့နေရာကို အမိအရရိုက်ထား၊ ကျနော်က သူတို့လုပ်နေတာကို အနောက်ကနေ စကားပြောနေမယ်”
ခြံစည်းရိုးတွေကို ရိုက်ချိုး ဖျက်ဆီးပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပစ်ကြတယ်။ မြေပြင်ကို မီးခိုးဗုံးတွေနဲ့ ပစ်ကြတယ်။ ပြီးတော့ အလုံးအရင်းနဲ့ ဝင်လာကြတယ်။ သူတို့လုပ်တာ တချိန်တည်း တပြိုင်တည်း လုပ်ကြတာ။
“အခုဆိုရင် ရဲတွေက ခြံစည်းရိုးတွေဖျက်၊ မီးခိုးဗုံးတွေနဲ့ ဆန္ဒပြလူအုပ်ကြီးထဲကို ပစ်သွင်းပြီး အလုံးအရင်းနဲ့ ဝင်လာနေပါပြီ။ ကျနော်တို့လည်း ပြေးနေရပြီခင်ဗျာ”
ခြံတံခါးဖွင့်ထားတဲ့ အိမ်တအိမ်ကို ပြေးတက်သွားလိုက်တယ်။ ဓာတ်လှေကားက မအားပါဘူး။ ကျနော်လည်း အေပါ်ကို ရောက်နိုင်သလောက် ရောက်အောင် လှေကားအတိုင်း ပြေးတက်သွားလိုက်တယ်။
၇ လွှာအရောက်မှာ အမျိုးသားတယောက်က အိမ်တံခါးကိုဖွင့်ပြီး “လာကြလာကြ အိမ်ထဲဝင်လို့ရတယ် အိမ်ထဲဝင်လို့ရတယ်”။ ဆီးကြိုပြီး ဖိတ်ခေါ်တဲ့အိမ်ထဲ ပြေးဝင်သွားလိုက်တယ်။ သူ့အိမ်ထဲမှာလည်း ကျနော့်ထက်အရင် ရောက်နေကြတဲ့ ဆန္ဒပြသူတွေ ရှိနေပါတယ်။ အဲဒီအထဲမှာ အခုနက သပိတ်မှာ ကျနော်အင်တာဗျူးခဲ့တဲ့ လူငယ်အမျိုးသမီးတယောက်လည်း အိမ်ထဲမှာ ကြိုရောက်နေတယ်။
ကျနော်တို့ကို ခေါ်တဲ့အိမ်က ဘုရားခန်းမှာ အန်းကုန်းကြီးပုံကို တွေ့ရတယ်။ ပြေးလွှားမောဟိုက်ပြီး ရောက်လာကြတဲ့သူတွေကို ရေခဲသေတ္တာထဲက လိမ္မော်သီးတွေ ထုတ်ကျွေးပါတယ်။
ကျနော်တို့က အဲဒီအိမ်ပေါ်မှာ လုပ်စရာရှိတာကို ဆက်လုပ်ကြပါတယ်။ မှန်ကာထားတဲ့ ခန်းစီးစကို ကင်မရာမှန်ဘီလူးတလုံးစာ လှပ်ပြီး လမ်းထဲမှာ ရောက်နေတဲ့ ရဲကားတွေကို ရိုက်တယ်။ ကျနော်က ရဲကားဘယ်နှစ်စီးကတော့ လမ်းရဲ့ဘယ်နေရာကို ဆက်သွားနေကြပါတယ်။ ရဲတွေရဲ့နောက်မှာ စစ်သားတွေ ပါလာတဲ့အကြောင်း အသံဖမ်းပြီး သတင်းတင်ဆက်တဲ့အလုပ်ကို ဆက်လုပ်ပါတယ်။
နေ့ဘက် လမ်းပေါ်ထွက် သတင်းတင်ဆက်ပါတယ်။ ညဘက်တွေမှာ ကျနော်နေတဲ့အဆောင်ကို ပြန်မအိပ်ဘဲ မိတ်ဆွေတယောက်ရဲ့ အကူအညီနဲ့ ဘုရားကျောင်းတခုမှာ သွားအိပ်ပါတယ်။ ကျနော်နေတဲ့အဆောင်က ရဲစခန်းတခုနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့အတွက် အဆောင်ကို ပြန်မအိပ်ရဲဘူး။
အဲဒီရက်က ကျနော့်ဆီကို လူနှစ်ယောက် ဖုန်းဆက်လာတယ်။ ပထမတယောက်က အမေပါ။
“သားကြီး မင်းသတင်းကြေညာထားတဲ့အကြောင်း ရွာကလူတွေ ပြောကြတယ်။ သူတို့ စလောင်းကနေ ကြည့်တာ။ ထွက်ပြေးရတဲ့အကြောင်းပါလို့ သူတို့ TV ကြည့်ရင်း ရယ်ကြတယ်”
အမေက ရေဒီယိုသတင်း နားမထောင်သလို TVသတင်းလည်း ကြည့်လေ့ကြည့်ထ မရှိပါဘူး။ ရွာမှာ ကျနော့်အကြောင်းကို ပြောနေကြတာကို သူကြားတော့ ကျနော့်ဆီ ဖုန်းဆက်ပြီး ပြောပြတာပါ။
ဒုတိယတယောက်ကတော့ ကျနော့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတယောက်ပါ။ ကျောင်းနေဖက် ဆိုပေမဲ့ မအူပင်တက္ကသိုလ်ရောက်တော့မှ ခင်မင်ရင်းနှီးကြတဲ့သူတွေ။ သူက ဧရာဝတီတိုင်း မြင်းကကုန်းကနေ ကျနော့်ဆီကို ဖုန်းဆက်လာတာပါ။
“သတင်းတင်ဆက်နေတာကို စောင့်ကြည့်နေတယ်၊ တခုတော့ရှိတယ်၊ ခင်ဗျားအင်တာဗျူးတွေမှာ မိန်းကလေးတွေကိုပဲ လိုက်မေးထားတာ တွေ့ရတယ်”
သူပြောတဲ့အသံက တဖက်က သူ့သူငယ်ချင်းတယောက် အခုလို သတင်းတင်ဆက်နေတာကို ဂုဏ်ယူတဲ့အကြောင်း ပြနေသလို တဖက်မှာတော့ ပြောင်နောက်ချင်တဲ့ ပုံမျိုးပါ။
အဲဒီရက်တွေက ကျနော် ဘုရားကျောင်းမှာ ညဘက်တွေဆို ခေါင်းချတာနဲ့ အိပ်ပျော်သွားပါတယ်။ တနေကုန် ပြေးလွှားပြီး သတင်းတင်ဆက်ထားတဲ့ ပင်ပန်းဒဏ်ကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကျနော်နဲ့ မနီးမဝေးမှာအိပ်တဲ့ မိတ်ဆွေက ညဘက်တွေဆို တော်တော်နဲ့ အိပ်လို့မရတာကို သိလိုက်ရတယ်။
အဲဒီရက်က နေ့ဘက်တွေမှာ ရာဘာကျည်နဲ့ပစ်၊ အသံဗုံးဖောက်၊ မီးခိုးဗုံးတွေ ပစ်ခတ်ပြီး သပိတ်စခန်းတွေကို ဖြိုခွင်းကြတာပါ။ မီးခိုးဗုံးကြောင့် မျက်စိစပ်တာ၊ အသံဗုံးကြောင့် နားအူတာတွေကတော့ အနီးကပ်ကြုံနေရတာမို့ ကျနော့်အတွက် မထူးဆန်းတော့ဘူး။ ညဘက်တွေမှာလည်း တနေရာရာကနေ အသံဗုံးတွေဖောက်ပြီး ခြောက်လှန့်တာမျိုး လုပ်ပါတယ်။
ကျနော့်မိတ်ဆွေက အဲဒီလိုအချိန်ဆို လာနှိုးပါတယ်။ အသံရဲ့အနီးအဝေးကို နားစွင့်လိုက်တယ်။ “တို့နဲ့အဝေးကြီးပါကွာ၊ ပြီးတော့ သူတို့ လမ်းမပေါ်မှာ အသံဗုံးဖောက်ပြီး လူတွေကို ကြောက်အောင် လိုက်ခြောက်နေတာ”
အဲဒီရက်တွမှာ ညစဉ်ညစဉ် ညဦးပိုင်းအချိန်တွေမှာ အသံဗုံးဖောက်ပြီး အကြောက်တရား ရိုက်သွင်းကြတယ်။ မနက်မိုးလင်းတာနဲ့ သပိတ်စခန်းတွေမှာ လူငယ်တွေက အင်အားအပြည့်နဲ့ အကျယ်ဆုံးသော ကြွေးကြော်သံတွေနဲ့ ဆက်ပြီး တောင်းဆိုနေကြတယ်။
တာပလု