အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ခရစ်ပဲလ်ခရိခ်မြို့ရှိ ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာဖြစ်တဲ့ မောလင်းကက်သလင်းန် ရွှေမိုင်းတွင်းဟောင်းထဲမှာ ဓာတ်လှေကား ချို့ယွင်းမှုကြောင့် မြေအောက် ပေ ၁၀၀၀ အနက်မှာ ၆ နာရီကျော်ကြာ လူတွေ ပိတ်မိခဲ့ကြပြီး လူ တယောက်သေဆုံးကာ ကျန်တဲ့လူ ၁၂ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီလို့ ကော်လိုရာဒိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂျရတ်ပိုလစ်စ်က ပြောပါတယ်။
ဒေသစံတော်ချိန် မွန်းတည့်လောက်မှာ ဓာတ်လှေကား ချို့ယွင်းသွားတာဖြစ်ပြီး သူတို့ထဲက ၄ ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ လူသေဆုံးမှုကိုတော့ အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။
အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ အောက်ခြေမှာ ပိတ်မိနေသူတွေနဲ့ ရေဒီယို ဆက်သွယ်မှုရှိပြီး သူတို့မှာ ပိတ်မိနေသူတွေ သက်သောင့်သက်သာ ရှိစေဖို့ ရေ၊ စောင်နဲ့ ကုလားထိုင်တွေလည်း တဲလာကောင်တီ ရဲအရာရှိ ဂျေဆန်မိုက်ခ်ဆဲလ်က သတင်းထောက်တွေကို ပြောပါတယ်။
ဓာတ်လှေကားကို ပြန်လည်ပတ်အောင် လုပ်နိုင်ခဲ့ပြီး ပိတ်မိနေတဲ့ ခရီးသည် ၁၁ ယောက်နဲ့ ဧည့်လမ်းညွှန် တယောက်တို့ကို တကြိမ်မှာ ၄ ယောက်စီနဲ့ မြေပြင်ကို ပြန်ပို့ဆောင်နိုင်ခဲ့ကြောင်းလည်း မိုက်ခ်ဆဲလ်က ပြောပါတယ်။
ဓာတ်လှေကား ချို့ယွင်းမှုကြောင့် မြေအောက်မှာ ပိတ်မိနေကြတဲ့ နေရာဆီ ပြည်နယ်မှ အင်ဂျင်နီယာတွေ၊ မိုင်းအန္တရာယ် ကင်းရှင်းရေး ကျွမ်းကျင်သူတွေနဲ့ မီးသတ်သမားတွေလည်း ရောက်လာခဲ့ကြပါတယ်။
ဒန်ဗာမြို့တောင်ဘက် မိုင်ပေါင်း ၁၁၀ လောက်အကွာရှိ ဒီမိုင်းတွင်းဟောင်းကို ခရီးသွားတွေ လည်ပတ်လေ့လာနိုင်တဲ့ မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်လာတာ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပြီဖြစ်ပြီး ၁၉၈၆ ခုနှစ်တုန်းက တကြိမ်သာ ဘေးကင်းလုံခြုံခဲ့တဲ့ မတော်တဆဖြစ်ရပ် တခုသာ ရှိခဲ့ကြောင်းလည်း ရဲအရာရှိ မိုက်ခ်ဆဲလ်က ပြောပါတယ်။
Source-Reuters