မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ကျောက်ကန်ပျူစောထီးကျေးရွာကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ထံက သိရပါတယ်။
မြင်းခြံမြို့ ခရမ ၁၅ ရဲ့ မြောက်ဘက် ၉ မိုင်အကွာက ကျောက်ကန်ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက် မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထွက်ပြေးသွားကြတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ရွာထဲမှာက သူတို့(ပျူစောထီး)တွေ အထိုင်ချထားတဲ့နေရာက ၅ နေရာပဲရှိတာ။ တိုက်ပွဲက မနက် ၅ နာရီခွဲကနေ နေ့ခင်း ၁၁ နာရီခွဲလောက်အထိ ဖြစ်သွားတာ။ နောက်ပိုင်းမှာ လေယာဥ်နဲ့ ပစ်ကူလာလို့ တပ်ပြန်ဆုတ်ခဲ့ရတာ။”
တော်လှန်ရေးတပ်တွေက ရွာကို ထပ်မံဝင်သိမ်းချိန် ကျောက်ပြုတ်ကျေးရွာဘက်မှ စစ်ကောင်စီ တပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ကြောင်း၊ PLA တပ်ဖွဲ့က ဒရုန်းရော၊ မြေပြင်ကပါ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် သစ်ရုံရွာက အမျိုးသမီးတယောက် ထိမှန်သေဆုံးခဲ့သလို လယ်လုပ်နေတဲ့ အမျိုးသားတယောက်လည်း စစ်ကူလာတဲ့ခြေလျင်စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း တော်လှန်ရေးအဖွဲ့ တွေဆီက သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီအထိ ကန်နီ၊ မီးပေါက်၊ ဒူလဗိုလ်၊ ပျားကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရကာ တိရစ္ဆာန်တချို့ သေဆုံးတာတွေလည်းရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီပါတိုက်ခိုက်မှုကိုတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - အနောက်မြောက် စစ်ဒေသ (အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊ Myingyan Black Tiger တပ်ရင်း၊ ရွှေခြံသားတပ်ဖွဲ၊ မြင်းခြံခရိုင်အမှတ် (၁၊၂၊၃၊၄၊၇) တို့က ပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။