မန္တလေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းက သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်လုပ်ရေးဆင် ၁၃၈ ကောင် အပါအဝင် ဆင်ထိန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၂၂၂ တပ်ရင်းက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
PLA ပြန်ကြားရေးတာဝန်ရှိသူတယောက်က “မန္တလေးတိုင်းထဲက ကျနော်တို့ စစ်ရေးလှုပ်ရှားမှု နယ်မြေတွေကနေ စစ်ဘေးရှောင်ရင်း နေရာပြောင်းရွှေ့လာကြတဲ့ သစ်တောဝန်ကြီးဌာနပိုင် ဆင်ဝိုင်း ၁၀ ဝိုင်းကို အရင်ထိန်းသိမ်းထားရင်း စဥ့်ကူးမြို့နယ်ထဲက နောက်ထပ် ဆင်ဝိုင်း ၁၁ ဝိုင်းက မိုးကုတ်နဲ့ သပိတ်ကျင်းကြားကို ပြောင်းရွှေ့လာကြရာကနေ ဆင်ဝိုင်း ၂၁ ဝိုင်း ဖြစ်လာတာပါ။ သူတို့ စစ်ဘေးရှောင်ဆင်အုပ်စုကို ကျနော်တို့ PLA လှုပ်ရှားအုပ်ချုပ်တဲ့ နယ်မြေအတွင်းက တောတောင်တွေထဲမှာ ကာကွယ်စောင့်ရှောက်ပေးထားတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က စတင်ပြီး စစ်ဘေးရှောင်လာကြတဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းမှာ ဆင်ကောင်ရေ ၁၃၈ ကောင်ရှိပြီး ဆင်ထိန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
PLA တာဝန်ရှိသူတယောက်က “အခုတိုက်ပွဲကာလမှာတော့ ဒီဆင်အုပ်စုတင် မဟုတ်ပါဘူး။ ပြည်သူပိုင်ပစ္စည်းအားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးထားပြီးတော့ နောက်ပေါ်ပေါက်မယ့် ပြည်သူ့ဒီမိုကရေစီအစိုးရဆီကို ပြန်လည်အပ်နှံပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ စဉ့်ကူး၊ မိုးကုတ်နဲ့ တကောင်းမြို့နယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက အလောင်းတော်ကဿပနယ်မြေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့နယ်တွေက သစ်တောကြိုးဝိုင်းတွေမှာရှိတဲ့ ဆင်တွေ အပါအဝင် ဆင်ထိန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ကာကွယ်ပေးထားတယ်လို့ သိရပါတယ်။