အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အသက် ၇၃ နှစ် ရဲ့ ဈာပနအခမ်းအနားကို မန္တလေးမြို့မှာ မြို့ခံပြည်သူတွေ ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
သွေးကင်ဆာရောဂါ ခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရှိတဲ့အတွက် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး နောက်ဆုံးအခြေအနေရောက်မှ မန္တလေးဆေးရုံကြီးမှာ ဆေးကုသခွင့်ရခဲ့ကာ အောက်တိုဘာ ၇ ရက်မနက် အစောပိုင်းမှာ ကွယ်လွန်သွားခဲ့တာပါ။
သူ့ရဲ့ ရုပ်အလောင်းကိုတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၃ လမ်း နေအိမ်မှာ ထားရှိပြီး ဒီနေ့ မနက် ၁၀ နာရီမှာ တောင်အင်းမြောင်အင်း သုသာန်ကို ပို့ဆောင် မီးသင်္ဂြိုဟ်ရာမှာ နိုင်ငံရေးအသိုက်အဝန်းနဲ့ မြို့ခံပြည်သူလူထုထောင်ချီ လမ်းတလျှောက် ဂါရဝပြု လိုက်လံပို့ ဆောင်ခဲ့ကြပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ သွေးကင်ဆာရောဂါကို ကုသဖို့ ပြည်ပနိုင်ငံကိုထွက်ပြီး ဆေးကုသခံခဲ့ရမှာ ပြန်လည်သက်သာလာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ ထောင်သွင်းအကျဉ်းချခံရမှုကြောင့် လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့ရတဲ့အတွက် ပါတီအတွက်ရော ပြည်သူလုထုတရပ်လုံးအတွက်ပါ ဆုံးရှုံးမှု ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DVB ကိုပြောပါတယ်။
“ဆရာဇော်ဟာ ၂၀၁၉ လောက်မှာတင် သွေးကင်ဆာဖြစ်နေတယ်လို့ ကျနော်တို့သိခဲ့ရပါတယ်။ ကမ္ဘာမှာ ခေတ်မီဆုံး ဖြစ်တဲ့ Stemp cell နည်းပညာနဲ့ ဆရာဇော်ကိုကုသခဲ့တဲ့အတွက် မထင်မှတ်ဘဲ အောင်မြင်မှုတွေ၊ တိုးတက်မှုတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကြောင်းပြပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခါမှာ သူရဲ့အခွင့်အရေးဖြစ်တဲ့ ဆေးကုသခွင့်ပါ ဆုံးရှုံးသွားရပါတယ်။၊ မြန်မာနိုင်ငံမှာဆရာဇော်ကုသနေတဲ့ stemp cell ကို ကုသပေးနိုင်တဲ့ အခြေအနေမရှိပါဘူး။ အဲဒီလိုကုသခွင့်ရပ်ဆိုင်းလိုက်တဲ့အခြေအနေဟာ ဆရာဇော်အတွက် သေမိန့်ကျတဲ့နေ့လို့ပဲလို့ ကျနော်တို့ယူဆပါတယ်။ ဒါဟာ ဆရာဇော့်အတွက်ရော မြန်မာနိုင်ငံသူနိုင်ငံသားတွေ မန္တလေးတိုင်းသူ တိုင်းသား တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါ။ ဆုံးရှုံးသွားတဲ့ ကွက်လပ်ကို လာမယ့် ခွန်အားပြည့်လူငယ်တွေနဲ့ ပြန်လည်ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်ပါတယ်။”
ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်သွားတဲ့အတွက် အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ကလည်း လွမ်းသူ့ပန်းခွေပေးပို့ခဲ့ပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နောက်ဆုံးနေ့ရက်မှာမှ ပြစ်ဒဏ်ကို စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ စစ်ကောင်စီရဲ့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ချင်လို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားမျာကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ လုံလောက်အောင် မရခဲ့ပါဘူး။ ဒါ့အပြင် အရေးပေါ်ဖြစ်တဲ့အချိန်တွေမှာ လုံခြုံရေးကိုအကြောင်းပြပြီးမှ ထောင်ပြင်ပကိုထုတ်ဖို့ဆို ရင်လည်း အချိန်ကြာမြင့်တာတွေလည်းရှိတယ်၊ ထောင်ဆေးရုံမှာ သွားပြရတဲ့အချိန်တိုင်း ဆရာ့ရဲ့ရောဂါကို ကုသနိုင်လောက်တဲ့အရည်အချင်းပြည့်မီတဲ့ဆရာဝန်တွေရှိမနေတာကလည်း အခုလိုမျိုးရောဂါတွေ ပိုမိုဆိုးဝါးစေခဲ့တာ ဖြစ်တယ်။ ဒါကြောင့် အောက်တိုဘာ ၅ ရက်ကစလို့ အသည်းအသန်ရောဂါ ပြင်းထန်လာတဲ့အခါမှသာ ၆ ရက်နေ့ ညနေပိုင်းမှသာ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်။ ဒါဟာ သူတို့တွေ အနေနဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်တချက် အကျဉ်းထောင်တွေထဲ ဆေးဝါးကုသခွင့်လုံလောက်စွာမရှိတာတွေကို အကာအကွယ်ယူဖို့အတွက် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းသာဖြစ်တယ်လို့ ကျနော့် အနေနဲ့ပြောချင်ပါတယ်။”
ဈာပနကို NLD ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUCC အပါအဝင် နိုင်ငံရေးအသိုက်အဝန်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံတကာ သံရုံးတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ထုတ်ပြန်ခဲ့ကြပါတယ်။
မြန်မာ စစ်ခေါင်းဆောင်အဆက်ဆက်တို့ရဲ့ မိုက်မဲတဲ့ အာဏာရူးသွပ်မှုကို မဖယ်ရှားနိုင်သေးလို့ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်လာရပြီး ဒေါက်တာဇော်မြင့်မောင်လို နိုင်ငံ့ပညာတတ် လူပုဂ္ဂိုလ်တွေ နေ့စဉ် ဆုံးရှုံးနေရတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF ) က ထုတ်ပြန်ပါတယ်။
မြန်မာ့စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးအကျဉ်းချတာ၊ ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပမ်း နှိပ်စက်တာတို့ကို ဦးမညွတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးတဲ့အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက်ပွဲဝင်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့တဲ့ ဒီမိုကရေစီစိတ်ဓာတ်ခွန်အားတွေဟာ ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ မြန်မာစစ်အာဏာရှင် အပြီးတိုင်ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံး စံနမူနာ တိုက်ပွဲအင်အားတရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ စတဲ့ ရန်ကုန်အခြေစိုက် သံရုံးတွေကလည်း ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ရပြီး နှစ်နိုင်ငံအကြား နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရာမှာ အရေးပါတဲ့ ကဏ္ဍမှပါဝင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဖိုးတန် မိတ်ဘက်တယောက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုကနေ ထုတ်ပြန်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းက အားလုံးပါဝင်တဲ့ အများ ကိုကိုယ်စားပြုနိုင်တဲ့ ဒီမိုကရေစီတရပ်အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအကြောင်း အမှတ်ရစေတယ်၊ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးဖြစ်စဉ်မှာ လွတ်လပ်စွာ ပါဝင်နိုင်ကြရမယ်၊ မတရားဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့နဲ့ သက်ဆိုင်သူတွေနဲ့ အပြုသဘောဆောင် ဆွေးနွေးဖို့ မြန်မာစစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
အလားတူ ကနေဒါနိုင်ငံကလည်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုကြောင့် ပူဆွေးဝမ်းနည်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး မြန်မာစစ်တပ်ကို အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့ မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပံ့ပိုးကူညီမှုတွေကို အောက်မေ့ သတိရနေမှာဖြစ်ပြီး နာမကျန်း ဖြစ်နေစဥ်ကာလအတွင်း ဖမ်းဆီးခံထားရတာ အပါအဝင် သူ့ရဲ့ဘဝတလျှောက်လုံး အချိန်ကြာမြင့်စွာ မတရားဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရတာကိုလည်း ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူးလို့ ရန်ကုန်ရှိ ဗြိတိသျှသံရုံးအကြီးအကဲက ပြောပါတယ်။
“အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှပါတယ်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားတွေဟာ မိမိတို့ယုံကြည်ရာကို ရပ်တည်ခြင်းအတွက် ကြမ်းတမ်းဆိုးရွားလှတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအ ကျဉ်းသားအများစုဟာ သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိပဲ ဆိုးရွားလှတဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားကြရပါတယ်။ မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။”
ဝေဝေ