ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာအနီးမှာ အောက်တိုဘာ ၇ ရက် ည ၆ နာရီကျော်က ဒေဝူးစက်ရုံ ဖယ်ရီကားမှောက်ပြီး အလုပ်သမား တယောက် သေဆုံးကာ အယောက် ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
ထောက်ကြန့်ကနေ မှော်ဘီမြို့ဘက်ကို မောင်းလာတဲ့ စက်ရုံဖယ်ရီကားမှာ ရန်ကုန်-ပြည်လမ်း သန္ဓေပင်ကျေးရွာနားမှာ တိမ်းမှောက်ခဲ့တာလို့ အလုပ်သမားတယောက်က ပြောပါတယ်။
“စက်ရုံကအပြန် ဖယ်ရီကားက အသုံးလုံးမှတ်တိုင်နားမှာ ကားက တပတ်လည်သွားပြီး ဓာတ်တိုင်ကို ဝင်တိုက်တာ။ ကောင်မလေးတယောက် သေသွားတယ်။ ဘယ်လိုင်းကလဲတော့ မသိဘူး။ အရေးပေါ် နှစ်ယောက် တင်ရတယ်။ ကျန်တဲ့သူတွေက အရမ်းကြီးမစိုးရိမ်ရဘူး "လို့ ပြောပါတယ်။
ဖယ်ရီကားမှောက်ရာ နေရာကို မီးသတ်တပ်ဖွဲ့နဲ့အတူ ကြက်ခြေနီအဖွဲ့နဲ့ လူမှုကယ်ဆယ်ရေး ယာဥ်တွေက လာရောက်ကူညီပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးတယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
“ဓာတ်တိုင်ကို ဝင်တိုက်တာ။ အရှိန်ပြင်းတော့ ကားမှောက်သွားတာပါ။ ကောင်မလေးတယောက် သေတယ်။ ကောင်လေးတယောက်၊ ကောင်မလေးတယောက်က စိုးရိမ်ရတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ကျန်တဲ့သူတွေက ပွန်းပဲ့ဒဏ်ရာပဲရတာ။”
လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီး၊ မှော်ဘီဆေးရုံနဲ့ မင်္ဂလာဒုံဆေးရုံတို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ ဒေဝူးအထည်ချုပ်စက်ရုံ ဖယ်ရီယာဥ်မောင်းကို မှော်ဘီမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။