မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တက္ကသိုလ် ကျောင်းအကြိုအပို့လိုင်းကား တိမ်းမှောက်ပြီး ယာဉ်မောင်းနဲ့ ကျောင်းသား ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သစ္စာပန်းခင်းလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။
မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမ အဇင်း စိုက်ပျိုးရေးခြံရှေ့မှာ မွန်းလွဲ ၃ နာရီလောက်က တက္ကသိုလ် ကျောင်းအကြိုအပို့ လိုင်းကားဟာ ဆိုင်ကယ်ကိုရှောင်ပြီး တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အသက် ၆၁ နှစ်အရွယ် ယာဉ်မောင်း ၁ ယောက်၊ တက္ကသိုလ်ကျောင်းသား ၃ ယောက်နဲ့ တက္ကသိုလ်ကျောင်းသူ ၉ ယောက်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
သစ္စာပန်းခင်းလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတယောက်က “တက္ကသိုလ်ကျောင်းပို့တဲ့ ကားက ဆိုင်ကယ်ကိုရှောင်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာပါ။ ကားပေါ်ပါလာတဲ့ ယာဉ်မောင်းတယောက်နဲ့ အသက် ၂၀ ဝန်းကျင်ကျောင်းသား ၁၂ ယောက်လုံး ဒဏ်ရာရတယ်။ အဲထဲက ၆ ယောက်ကတော့ ဒဏ်ရာများတယ်။ ကားကတော့ မုဒုံ-မော်လမြိုင် လိုင်းဆွဲတဲ့ကားပါ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို သစ္စာပန်းခင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြန်မာလူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(မုဒုံ) နဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီခဲ့ကြပါတယ်။
ဝိုင်းဝန်းကူညီခဲ့တဲ့ ဒေသခံတယောက်က “ကားကဘယ်လိုဖြစ်လဲတော့ သေချာမသိဘူး။ ဟိုဘက်အခြမ်းကနေ ဒီဘက်ခြမ်းကိုရောက်ပြီးမှောက်နေတာ။ မှောက်တာက ညနေ ၂ နာရီ ၄၅ မိနစ်လောက်ကပါ။ ကျောင်းသား အားလုံး ၁၃ ဦးပါတယ်။ ကျနော်က ကားမှောက်တဲ့အသံကြားလို့ လာကြည့်ပြီး ဝိုင်းကူပေးတာပါ။ ပွန်းပဲ့သွားတဲ့သူတွေကို မုဒုံဆေးရုံခေါ်သွားပြီး ဒဏ်ရာရများထားတဲ့သူတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးကို သယ်သွားတာတော့ တွေ့လိုက်တယ်" လို့ ပြောပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာလည်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်နေ့က ကျောင်းကားတိမ်းမှောက်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။