စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က မြို့မဈေးမှာ အောက်တိုဘာ ၅ ရက် မနက် ၆ နာရီခွဲလောက်က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဈေးဆိုင်ပိုင်ရှင်တယောက်က “မနက်စောပိုင်းဆိုတော့ ဆိုင်ခန်းတွေလည်း အကုန်မဖွင့်ကြသေးဘူးလေ။ ဈေးဝယ်တွေလည်း အရမ်းကြီးမစည်သေးတဲ့အချိန် ကွဲတာပါ။ မိနစ်ပိုင်းပဲ ခြားပြီး ၃ လုံးကွဲတယ်။ လူထိခိုက်တာတွေ မရှိပါဘူး။ ဆိုင်ခန်းတွေက မှန်တွေတော့ ကွဲကုန်တာပေါ့။ အသံဗုံးလို့လည်း ပြောကြတယ်” လို့ ပြောပါတယ်။
ဗုံးကွဲခဲ့တာကြောင့် ဈေးအတွင်းက ဖွင့်လက်စဆိုင်ခန်းပိုင်ရှင်တွေအားလုံး ပိတ်သိမ်းသွားခဲ့ပါတယ်။ အဲဒီဗုံးခွဲတာကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရ သေးပါဘူး။
မြို့ခံတယောက်က “ဗုံးကွဲအသံကလည်း အကျယ်ကြီးပဲ။ မြေကြီးတွေတောင် တုန်တယ်။ အရင်ရက်တွေကတည်းက သန်းခေါင်စာရင်းကောက်ဖို့လို့ဆိုပြီး မြို့ပေါ်မှာလုံခြုံရေးတွေ သိသိသာသာ တိုးချထားတဲ့ကြားက လုပ်သွားတာ။ PDF ကလေးတွေကို ချီးကျူးပါတယ်” လို့ ပြောပါတယ်။
ပြည်သူတွေ၊ Non CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ပတ်သက်တာတွေ မပြုလုပ်ကြဖို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက် လုပ်ဆောင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ပေမဲ့ စစ်တပ် ထိန်းချုပ်နယ်မြေတွေမှာတော့ စစ်သားနဲ့ ရဲ လုံခြုံရေးတွေနဲ့ ကောက်ယူနေပါတယ်။