ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ဟာ သူ လုပ်ကြံခံရလုနီးပါးဖြစ်ခဲ့တဲ့ ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့ကို တကျော့ပြန် ပြန်လည်ရောက်ရှိလာပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ မဲဆွယ် မိန့်ခွန်းပြောခဲ့ရာမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Tesla စီအီးအို အီလွန်မတ်စ်ပါ စင်ပေါ်တက်လာခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဇူလိုင် ၁၃ ရက်က သူမိန့်ခွန်းပြောနေတုန်း နားရွက်ကို ကျည်ရှပ်ထိသွားတဲ့ အကြောင်း ပြန်ပြောပြပါတယ်။ မိန့်ခွန်းတဝက်ကျိုးချိန်မှာ အီလွန်မတ်စ်က စင်ပေါ်တက်လာခဲ့ပြီး စင်ပေါ်မှာ ခုန်ပေါက် လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့ပါတယ်။
လုပ်ကြံမှုဘေးက ထရမ့်ပ် လွတ်မြောက်ခဲ့ပြီးကတည်းက အီလွန်မတ်စ်က ထရမ့်ပ်ကို ထောက်ခံကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်မဲဆွယ်ပေးတာကတော့ အခုတကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။
ပစ်ခတ်ခံနေရတဲ့အချိန်၊ ထိုးနှက်ခံနေရတဲ့ အချိန်မှာ ဘယ်လို တုံ့ပြန်သလဲဆိုတာက လူတယောက်ရဲ့ စရိုက်လက္ခဏာအပေါ်မှာ စစ်မှန်တဲ့ စမ်းသပ်မှုဖြစ်တယ်လို့ မတ်စ်က ပြောခဲ့ပါတယ်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားချိန် ည ၆ နာရီ ၁၁ မိနစ်တိတိမှာ ခေတ္တငြိမ်သက်ပေးဖို့ ထရမ့်ပ်က တောင်းဆိုခဲ့ပြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသူနဲ့ ဒဏ်ရာရသူ ၂ ယောက်ကို ထရမ့်ပ်က အလေးပြုခဲ့ပါတယ်။
အတွင်းထဲက ရန်သူနဲ့ ရင်ဆိုင်နေရတယ်လို့ ထရမ့်ပ်က အထောက်အထားမပြဘဲ ရိပ်ဖမ်းသံဖမ်း ပြောသွားခဲ့ပါတယ်။ ပင်ဆီလ်ဗေးနီးယားပြည်နယ်ဟာ ထရမ့်ပ်နဲ့ ဒီမိုကရက်သမ္မလောင်း ကမ်မလာဟားရစ်တို့ ထောက်ခံမှုမကွာတဲ့ ဘယ်ဘက်မဆို ယိမ်းသွားနိုင်တဲ့ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။
Source-Reuters