Home
ရုပ်သံ
စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်မယ့် ရဲမေ အားယွမ်း
DVB
·
October 6, 2024

ရှေ့တန်းဆေးပိုင်းတာဝန်အပြင် ဆေးသင်တန်းတွေ ပြန်လည်ပို့ချပေးနေသူ အသက် ၁၈ နှစ်အရွယ် ရဲမေ အားယွမ်းဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်က ၈ တန်းစာ​မေးပွဲကို ဖြေပြီး ဝါသနာပါတဲ့ ဘောလုံးကန်တာနဲ့ အကသင်တန်းတွေတက်ရင်း ကြက်ခြံလုပ်ငန်း လုပ်ကိုင်တဲ့ မိခင်ကို ကူညီကာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ မိန်းကလေးတယောက် ဖြစ်ပါတယ်။

ကူကယ်ခေါင်းဆောင် ရဲမေအားယွမ်းက “အာဏာမသိမ်းဘူးဆိုရင် ညီမ ဘောလုံးကန်တာက ခရိုင်လက်ရွေးစင်ပေါ့။ ပြည်နယ်ပွဲတွေမှာ လိုက်ပြိုင်ဖြစ်တယ်။ ပြီးတော့ အကသင်တန်း တက်လိုက် ကျောင်းသွားလိုက်ပဲပေါ့။ အာဏာမသိမ်းရင် အကနဲ့ ဘောလုံးကန်တာ နှစ်ခုထဲက တခုကို တစိုက်မတ်မတ်လုပ်ဖို့ စိတ်ကူးထားတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းခံရတာကြောင့် ညောင်ရွှေမြို့မှာ ဆန္ဒပြရင်းကနေ အစ်ကိုတယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာကို သိမြင်ပြီးတဲ့နောက် မခံချင်စိတ်တွေ၊ တွန်းအားတွေနဲ့အတူ မတရားမှုကို ဆန့်ကျင်မယ်ဆိုပြီး တောခိုလာခဲ့တာလို့ ဆိုပါတယ်။

 ရဲမေအားယွမ်းက “တော်လှန်ရေးထဲ စရောက်တုန်းက ညီမအသက်က ၁၅ နှစ် မပြည့်သေးဘူး။ တောခိုတုန်းက အိမ်က မသိဘူး၊ ခိုးထွက်လာတာပေါ့နော်။ သင်တန်းတခုတက်ပြီးမှ သိတာ၊ ပြန်လာခိုင်းတယ် အမေက။ တော်လှန်ရေးလုပ်မယ် ဆိုတဲ့စိတ်နဲ့ မပြန်ခဲ့ဘူး။ အခုဆိုရင်တော့ ညီမ အသက် ၁၈ နှစ် ပြည့်တော့မယ်ရှင့်” လို့ပြောပါတယ်။

တောခိုလာချိန် အသက်အရမ်းငယ်လွန်းတာကြောင့် ရှေ့တန်းတွေ လိုက်လို့မရဘဲ နောက်တန်းမှာနေရင်း စစ်ရေးစစ်ရာ အခြေခံသင်တန်းတွေနဲ့ မွမ်းမံသင်တန်းတွေ ၇ ခုလောက်ထိ သင်ယူလေ့လာခဲ့ပြီး Free Burma Ranger အဖွဲ့မှာလည်း ၂ နှစ်နီးပါး စစ်ရေးနဲ့ ဆေးပိုင်းတွေ လေ့လာခဲ့တာကြောင့် အခုခါမှာတော့ ရှေ့တန်းက လူနာတက်ဆွဲတာတွေနဲ့ တပ်ရင်းမှာ ဆေးသင်တန်းတွေကို ပြန်လည်ပို့ချနိုင်ခဲ့ပါတယ်။

“စောင်မရှိတာတွေ၊ တဲမလုံတာတွေလည်း ကြုံခဲ့ရတယ်။ အရင်ကဆို ကိုယ့်အသုံးအဆောင်တွေ သူများသုံးရင် မကြိုက်ဘူးပေါ့။ ခုတော့ ခေါင်းလျှော်ရည်တဘူးကို ရဲမေတွေ အကုန်မျှသုံးတတ်နေပြီ။ ထမင်းဆိုလည်း ရှိတာနဲ့စားတာပေါ့။ ထမင်းဆီဆမ်း စားရလည်း အခုဆိုရင် ပျော်နေပြီပေါ့။”

တော်လှန်ရေးက ရဲမေအားယွမ်းရဲ့ စိတ်ကို ပြောင်းလဲပေးလိုက်ပြီး တောတောင်ထဲမှာ နေရတာကြောင့် အခက်အခဲတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာလည်း ပေးဆပ်ခဲ့ရတဲ့ သူငယ်ချင်းတွေကို မျက်နှာမူပြီး အားတင်း ရှေ့ဆက်နေပါတယ်။

သင်တန်းတွေကလည်း ရဲမေအားယွမ်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ကာယ၊ ဉာဏပိုင်းတွေကို ပိုမိုကြံ့ခိုင်လာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

“Ranger မှာ ၂ နှစ်တက်ရတယ်ပေါ့နော်။ ခုဆို ညီမ Advance ဆရာဖြစ်က ဆင်းပြီးပါပြီ။ အဲဒီမှာ ဘာသာပေါင်း ၃၀ ကျော်ကို သင်ရတယ်။ တက်ဖူးသမျှ သင်တန်းတွေထဲတော့ Ranger က အခက်အခဲဆုံးပဲပေါ့။”

မြင်းစီးသင်တန်းတွေ၊ မတူညီတဲ့ လေ့ကျင့်ခန်းတွေ၊ တံတားအမြင့်ကနေ ခုန်ချရတာတွေနဲ့ အစာငတ်ခံပြီး စာမေးပွဲဖြေရတာတွေကိုလည်း အခက်အခဲတွေကြားက ကျော်ဖြတ်ပြီး ဆရာဖြစ် Level အထိ ကြိုးစားတက်လှမ်းခဲ့ရကြောင်း၊ ငယ်ရွယ်တဲ့ သင်တန်းဆရာတယောက် ဖြစ်ပေမဲ့ သင်တန်းသားတွေနဲ့အတူ အပြန်အလှန်လေးစားမှုထားပြီး အတွေ့အကြုံတွေ ဝေငှဖြစ်တယ်လို့ ရဲမေအားယွမ်းက ပြောပါတယ်။

“သင်တန်းပေးနေချိန် အသက်ငယ်တယ် ဆိုပေမဲ့လည်း ရဲဘော်တွေက လေးစားပါတယ်။ ဆရာမ… ဆရာမ အတွေ့အကြုံတွေ ပြောပြပါ။ ကျနော်တို့ ဒါမသိဘူး၊ ရှင်းပြပါဦးဆိုပြီး Respect ရှိကြတယ်ရှင့်။ ညီမကလည်း အပြန်အလှန် လေးစားမှုရှိပါတယ်။ တန်ပြန်သက်ရောက်မှုပေါ့နော်။”

တော်လှန်ရေးမှာ ကျား၊ မ ခွဲခြားဆက်ဆံမှုမရှိဘဲ တော်ရင်တော်သလို ဦးဆောင်ရတာကြောင့် အသက် ၁၈ နှစ် မပြည့်သေးပေမဲ့လည်း ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် အသက်နဲ့ခန္ဓာကို ပေးအပ်ထားပြီး တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးအချိန်မှာ ကျောင်းပြန်မတက်တော့ဘဲ ထူထောင်ရေးရဲ့ တထောင့်တနေရာကနေပဲ ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“တော်လှန်ရေးပြီးသွားရင် ကျောင်းတော့ ဆက်မတက်တော့ဘူး။ စာနဲ့ဝေးသွားတာလည်း ကြာပြီဆိုတော့လေ။ ပြန်လည်ထူထောင်ရေးကာလမှာ ပြည်သူကို ပြန်ကူညီတာတွေ လုပ်မယ်ပေါ့။ ​မြို့နယ်အသီးသီးမှာ ကူညီဖို့ စိတ်ကူးထားတယ်ရှင့်။”

“လူကြီးတွေ ပြောတဲ့ ၈၈ တွေကော၊ တခြားအရေးအခင်းတွေက ဒီလိုနဲ့ပဲ ပြီးသွားတာ၊ ဒါပေမဲ့ ဒီမျိုးဆက်မှာတော့ တခါတည်း အမြစ်ဖြတ်တော်လှန်မယ်ဆိုတဲ့ စိတ်ရှိတယ်။”

ငယ်ရွယ်တဲ့အမျိုးသမီးဖြစ်ပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့အပြင် တော်လှန်ရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ဦးဆောင်ဦးရွက်ပြုရင်း အာဏာရှင်စနစ်ကို တော်လှန်နေကာ ပြည်သူကိုလည်း အားတင်းထားဖို့လည်း ရဲမေအားယွမ်းက ပြောပါတယ်။

“အားမငယ်ပါနဲ့။ ခင်ဗျားတို့အတွက် ရပ်တည်နိုင်တာထက်ပိုပြီး ရပ်တည်ပေးမှာပါ။ တနေ့ကျရင် ရဲဘော်ရဲဘက်တွေကော၊ ပြည်သူလူထုကော ကိုယ့်အိမ်ကိုပြန်ရမှာပေါ့။”

တော်လှန်ရေးထဲမှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူ အာဏာရှင်ကို တွန်းလှန်နေပြီး ရှေ့တန်းရဲမေ၊ ဆေးပိုင်း၊ ထောက်ပို့ပိုင်း၊ ဘဏ္ဍာရေးပိုင်းတွေနဲ့ အခန်းကဏ္ဍပေါင်းစုံမှာ ပါဝင်အားဖြည့်နေရင်း ထိရောက်တဲ့ တော်လှန်ရေးအရွေ့ကို တထောင့်တနေရာကနေ ပါဝင်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013