ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နဲ့ ခေါင်းနွဲ့ (စပါယ်ရှယ်)တောင်မှာ မိုးထပ်ရွာပြီး ရေတက် မြေပြိုတာတွေ ထပ်ရှိလို့ ကုန်တင်ကားတွေ ပိတ်မိနေကြောင်း ကုန်တင်ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“လွိုင်လင်မှာ မိုးတွေရွာလို့ လမ်းတွေ ပိတ်နေတာ။ မသွားရသေးဘူး။ ရေက တက်လာပြီ။ တနေ့က ကျနော်တို့ရှိတဲ့နေရာ ရေ ခါးလောက်တောင် ရောက်လာပြီ” လို့ ကုန်တင်ယာဉ်မောင်း တယောက် က ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် ညကစ မိုးစရွာတာဖြစ်ပြီး လွိုင်လင်မြို့ထဲ တန်းနေတဲ့ ကားတွေက ကတ္တား နားမှာကို လမ်းဘယ်ဘက်ရော ညာဘက်ရော ပြီးတော့ လွိုင်လင်အောက်နားက ဆေးရုံတောင် ကျော်တယ်လို့ သူက ပြောပါတယ်။
“လမ်းက လတ်တလောပေါ့နော်၊ အဓိက ကတော့ စားသောက်ကုန်နဲ့ လိုင်းကားတွေ အဆင်ပြေဖို့ အတွက် မြေထိုးထားတာလေ။ ကားကြီးတွေကျတော့ သိပ်အဆင်မပြေနိုင်ဘူး။”
စက်တင်ဘာလ ၂ ရက် နေ့မနက်က ခေါင်းနွဲတောင်မှာ မြေပြိုနေလို့ ကုန်တင်ကား၊ ဝိတ်ပါတဲ့ အဆင်းကားတွေကို လွိုင်လင်မှာ ပိတ်ထားတာ တစီးမှ ပေးမသွားဘူးလို့ ဆိုပါတယ်။
တောင်ပြိုနိုင်မယ့် နေရာတွေမှာ စက်ယန္တရားတွေ အဆင်သင့်ထားရှိပြီး ချက်ချင်းရှင်းတာ ရှိပေမဲ့ မိုးရွာရင် တောင်တွေ ပြန်ပြန်ပြိုတယ်လို့ သူက ထပ်ရှင်းပြပါတယ်။
မန္တလေးဘက်က အတက်ကျတော့ မိုင်းပွန် နဲ့ ဟိုပုံးကနေ ပိတ်ထားတာ ရှိပြီး ရှမ်း/မြောက်ဘက် အဆင်းကျတော့ လွိုင်လင်မှာ ပိတ်ထားကာ လမ်းအခြေအနေအရ ကုန်စိမ်းကား၊ ခရီးသွား ကားသေးနဲ့ ၁၂ ဘီး ခါလီတွေ တလှည့်စီ လွှတ်ပေးပြီး ၁၂ ဘီးကား အပါအဝင် ကုန်ပါတဲ့ ယာဉ်တွေကိုတော့ မသွားခိုင်းသေးဘူးလို့ ဆိုပါတယ်။
ဒေသခံ ပရဟိတ သမားတယောက်က” တောင်တကြောလုံး အက်ကြောတွေ လိုက်နေတော့ မြေက အိအိလေး။ ရုတ်တရက် ထပ်ပြိုနိုင်တယ်။ ကားတွေ လွှတ်တဲ့အချိန် လွှတ်ပေးပေမဲ့ မြေတွေ ပြိုနိုင်သေးလို့ စိတ်မချရဘူး။ မြေတွေက ပျော့အိအိနဲ့” လို့ ပြောပါတယ်။
လမ်းပေါ်က မြေပြိုထားတာတွေကို ပရဟိတ၊ မီးသတ် နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဖယ်ထားပေမဲ့ တောင်ပေါ်က မြေတွေ ထပ်ပြိုကျလာတာကြောင့် လမ်းက စိတ်မချရဘဲ စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပြီး အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။
လွိုင်လင်ကနေ မိုင်းပွန်ကို ကျောက်တန်းလမ်းနဲ့ ယာယီ လမ်းသစ်လည်း သွားလို့ရပေမဲ့ မိုးကြီးရင် လမ်းပျက်နိုင်ပြီး ကားကြီးတော့ နဲ့ ဝိတ်ကား အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်လောက်ကတည်းက မိုးကြီးရေလျှံ မြေပြိုမှုတွေ ဖြစ်လာပြီး လတ်တလောမှာလည်း မိုးတွေဆက်ရွာကာ လွိုင်လင်ေမိုင်းပွန်ကြား ကားတွေ သွားလာရ ခက်ခဲနေတာပါ။