အမေရိကန်နိုင်ငံ အလယ်ပိုင်းစံတော်ချိန်အရ အောက်တိုဘာ ၁ ရက် ည ၈ နာရီ (မြန်မာစံတော်ချိန် ၂ ရက် မနက် ၇ နာရီခွဲ) မှာ ကျင်းပတဲ့ ဒုသမ္မတလောင်း စကားစစ်ထိုးပွဲမှာတော့ ပုဂ္ဂိုလ်ရေးထက် မူဝါဒရေးကို ဦးစားပေးခဲ့ကြပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဒုသမ္မတလောင်း တင်မ်ဝေါ့ဇ်နဲ့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု ဒုသမ္မတလောင်း ဂျေဒီဗန့်စ်တို့ လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးငြင်းခုံကြတာ၊ စကားစစ်ထိုးပွဲအပြီးမှာ တရင်းတနှီး နှုတ်ဆက်ကြတာတွေဟာ ပုဂ္ဂိုလ်ရေးလွှမ်းမိုးခဲ့တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ပါတယ်။
မီးထိုးပေးတဲ့ လေသံတွေ၊ လုပ်ကြံဖို့ကြိုးစားမှုတွေနဲ့ အကျည်းတန်နေတဲ့ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အံ့အားသင့်စရာ ယဉ်ယဉ်ကျေးကျေး ငြင်းခုန်မှုတခု ဖြစ်ခဲ့ပါတယ်။
ဝေါ့ဇ်နဲ့ ဗင့်ဇ်ဟာ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ရွှေ့ပြောင်းအခြေချမှု၊ အခွန်၊ ကိုယ်ဝန်ဖျက်ချမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးကိစ္စတွေမှာ ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။ ကိုယ့်သမ္မတလောင်းအတွက် တိုက်ခိုက်ပေးခဲ့ကြပေမဲ့ အနောက်အလယ်ပိုင်းသားတွေရဲ့ အစဉ်အလာ အပြန်အလှန်လေးစားမှုကို ပြသခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်ပ်နဲ့ ပတ်သက်ပြီး ဒီမိုကရက် ဒုသမ္မတလောင်း ဝေါ့ဇ်က “လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက စကားစစ်ထိုးပွဲဇာတ်ခုံကို ကမ္ဘာကြီးက မြင်တွေ့ခွင့်ရပါတယ်။ အသက် ၈၀ လောက်ရှိပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပ်က မဲဆွယ်ပွဲပရိသတ်အရွယ်အစားလို ဒီအချိန်မှာ မလိုတဲ့ကိစ္စတွေ လျှောက်ပြောနေတယ်။ အဲဒီတချက်တည်းတင် မဟုတ်ပါဘူး။ ကမ္ဘာကြီးက အင်မတန်အန္တရာယ်ကြီးနေတဲ့အချိန်မှာ ဒေါ်နယ်ထရမ့်ပ်နဲ့ အနီးဆုံးလူတွေကတောင် သူဘယ်လောက်အန္တရာယ်ကြီးတာဆိုတာ နားလည်လာကြပါပြီ” လို့ ပြောပါတယ်။
တင်မ်ဝေါ့ဇ်က “ဒေါ်နယ်ထရမ့်ပ်က ဗလာဒီမာပူတင်ဘက်က ပါတယ်။ မြောက်ကိုရီးယားဘက် ပါတယ်ဆိုတာ ကျုပ်တို့မဟာမိတ်တွေ မြင်လာကြတယ်။ မဟာမိတ်နိုင်ငံတွေကို စုစည်းညီညွတ်အောင် ထားဖို့ရာမှာ ကျုပ်တို့သန္နိဋ္ဌာန် ခိုင်မာတယ်ဆိုတာ ပြဖို့ရာမှာကို ဒီလိုမျိုး အပြောင်းအလဲမြန်တာမျိုးတွေ မြင်လာရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဂျေဒီဗန့်စ်ကတော့ “မာဂရက်ရေ၊ လက်ဦးမှုရယူတိုက်ခိုက်တာကို မေးတယ်ဆိုရင်တော့ ဒီမေးခွန်းကို ဖြေချင်ပါတယ်။ သူတို့နိုင်ငံ ဘေးကင်းဖို့ လိုအပ်တယ်ထင်တာမှန်သမျှ အစ္စရေးသဘောအတိုင်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လူဆိုးတွေနဲ့ချနေတဲ့ ဘယ်လိုအချိန်မှာမဆို ကျုပ်တို့က ကျုပ်တို့မဟာမိတ်တွေဘက်က ပံ့ပိုးပေးရမှာပါ။ ဒါက အစ္စရေးမေးခွန်းအပေါ် မှန်ကန်တဲ့ချဉ်းကပ်မှုလို့ ထင်ပါတယ်” လို့ ပြောပါတယ်။
နောက်တခါ ရွှေ့ပြောင်းနေထိုင်သူတွေအရေးကိစ္စနဲ့ ပတ်သက်ပြီး စကားစစ်ထိုးကြရာမှာ ဂျေဒီဗန့်စ်က “အိုဟိုင်းယိုး စပရင်းဖီးဒ်မှာ၊ ဒီနိုင်ငံတဝန်းက ရပ်ရွာအသိုက်အဝန်းတွေမှာ၊ ကျောင်းတွေဆို ပြည့်ကျပ်နေပြီ။ ဆေးရုံတွေမှာလည်း ပြည့်ကျပ်နေပြီ။ အိမ်ရှားလာတဲ့အချိန်မှာ အမေရိကန်တွေက ကျုပ်တို့ဝင်ခွင့်ပေးထားတဲ့ တရားမဝင် ရွှေ့ပြောင်းတွေနဲ့ လုပြီး ရှာနေရတဲ့အတွက် အိမ်ရာကလည်း လုံးဝကို မတတ်နိုင်တာမျိုး ဖြစ်ကုန်ပြီ။ ကမ်မလာဟားရစ်ရဲ့ နယ်ခြားဖွင့်ပေးမှုကြောင့် သူ့တို့ဘဝတွေ ပျက်စီးသွားတဲ့ စပရင်းဖီးဒ်၊ အိုဟိုင်းယိုးက အမေရိကန်နိုင်ငံသားတွေအတွက် ကျနော် စိတ်အပူဆုံးပဲ။ ဒါက တကယ်ကို အရှက်ရစရာကိစ္စပါ။ တင်မ်ရေ၊ အမှန်တော့ ကျနော် ခင်ဗျားနဲ့ သဘောတူတယ်လို့ ထင်ပါတယ်။ ခင်ဗျားက ဒီပြဿနာကို ဖြေရှင်းချင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ကမ်မလာဟားရစ်ကတော့ အဲဒီလိုမဟုတ်ဘူးဗျ” လို့ ပြောပါတယ်။
တင်မ်ဝေါ့ဇ်ဘက်ကတော့ “ဆီနိတ်တာ ဗန့်စ်ကလည်း ဒီပြဿနာကို ဖြေရှင်းချင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့အတူ ရပ်တည်နေတာနဲ့၊ အဖြေရှာဖို့ လက်တွဲမလုပ်တာကပဲ ပြောစရာဖြစ်နေတာပါ။ လူကို လူလို့ မမြင်တော့တာနဲ့ တခြားလူသားတွေကို ဗီလိန်လူဆိုးအဖြစ် သရုပ်ဖော်နေတာကပဲ ပြောစရာဖြစ်နေတာပါ” လို့ ပြန်လည် တုံ့ပြန်ပြောပါတယ်။
နောက်တခါ ၁၉၈၉ တီယန်နန်မင် အရေးအခင်းကာလတုန်းက တရုတ်မှာရှိနေတယ်လို့ မှားပြောခဲ့တာနဲ့ပတ်သက်ပြီး ဝေါ့ဇ်ကို ပွဲစီစဉ်သူတွေက မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်ပြီး တင်မ်ဝေါ့ဇ်က “ကျနော် ပထမဆုံးပြောချင်တာကတော့ ရပ်ရွာအသိုက်အဝန်းအတွက် ကျနော့် စိတ်ထဲနှလုံးသားထဲက လုပ်ဆောင်နေတယ် ဆိုတာပါပဲ။ ကျနော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပြည့်စုံတဲ့သူတော့ မဟုတ်ပါဘူး။ တခါတလေ အယောင်ယောင်အမှားမှားလည်း ဖြစ်တတ်တာပေါ့။ ကျနော် ပြောနိုင်တာကတော့ အဲဒီနွေရာသီမှာ အဲဒီကို ကျနော်ရောက်ခဲ့တယ်၊ အဲဒါကို စကားပြောမှားသွားတာပါ။ ကျနော်ပြောချင်တာ ဒီသဘောပါ။ အဲဒီတော့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာ ကျနော် ဟောင်ကောင်နဲ့ တရုတ်မှာ ရှိနေခဲ့တယ်။ အဲဒီကနေ အုပ်ချုပ်ရေးမှာ လိုအပ်တဲ့အရာတွေ အများကြီး နားလည်ခဲ့ပါတယ်” လို့ ရှင်းလင်း ပြောပါတယ်။
ဗန့်စ်ကိုကျတော့ ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီက ထရမ့်ပ်ကို အပြင်းအထန် ဝေဖန်ခဲ့သူ ဖြစ်ခဲ့လျက်သားနဲ့ အခုကျမှ ဘာလို့ ထရမ့်ပ်ထောက်ခံသူ ဖြစ်လာသလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဂျေဒီဗန့်စ်က “မာဂရက်ရေ၊ အရင်ဆုံးပြောချင်တာက ကျနော်က အမြဲတမ်း ပွင့်ပွင့်လင်းလင်းရှိပါတယ်၊ သမ္မတနဲ့လည်း ကျနော် သဘောကွဲလွဲတာ ရှိပါတယ်။ ဒေါ်နယ်ထရမ့်ပ်နဲ့ ပတ်သက်လို့ ကျနော်မှားခဲ့တယ်ဆိုတဲ့ အချက်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ ကျနော် မှားခဲ့ပါတယ်၊ ပထမဆုံးကတော့ သူ့မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး မရိုးမသား လုပ်ဇာတ်ခင်းထားတဲ့ မီဒီယာသတင်းတချို့ကို ကျနော်ယုံကြည်ခဲ့မိတာပေါ့ဗျာ။ ဒါပေမဲ့ ပိုအရေးကြီးတာကတော့ အမေရိကန်ပြည်သူတွေအတွက် ဒေါ်နယ်ထရမ့်ပ် ဘာလုပ်ပေးနိုင်သလဲ ဆိုတာပါပဲ” လို့ ပြောပါတယ်။
ကိုယ်ဝန်ဖျက်ချပိုင်ခွင့်နဲ့ ပတ်သက်လို့လည်း သမ္မတလောင်းနှစ်ယောက်က သူတို့ ရပ်တည်ချက်ကို အခိုင်အမာ ပြောခဲ့ကြပါတယ်။
တင်မ်ဝေါ့ဇ်က “ဒီကိစ္စက လူတိုင်းစိတ်ထဲမှာ ရှိနေတာပေါ့။ ဒေါ်နယ်ထရမ့်ပ်က ဒါတွေအားလုံး ဖြစ်လာအောင် လုပ်ခဲ့တာပါ။ ၅၂ နှစ်ကြာ တဦးချင်းလွတ်လပ်ခွင့် ဖြစ်စေခဲ့တဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ကာကွယ်ပေးထားတဲ့ ရိုးနဲ့ ဝေ့ဒ် (Roe versus Wade) စီရင်ထုံးကို ပြင်ဆင်ပယ်ဖျက်တဲ့ တရားသူကြီးတွေကို သူ ခန့်အပ်နိုင်ခဲ့တယ်ဆိုတာက ထရမ့်ပ်က အမြဲကြွားတတ်ပါတယ်” လို့ ပြောပါတယ်။
ဂျေဒီဗန့်စ်ကတော့ “ကျနော်ဟာ ဘယ်တုန်းကမှ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ဝန်ဖျက်ချခွင့် ပိတ်တာကို မထောက်ခံခဲ့ဘူးဆိုတာ ပထမဆုံး ပြောချင်ပါတယ်။ ၂၀၂၀ တုန်းက အထက်လွှတ်တော်အမတ်နေရာ ပြိုင်တုန်းက အနိမ့်ဆုံး တနိုင်ငံလုံးအတိုင်းအတာနဲ့ စံသတ်မှတ်ဖို့ ပြောခဲ့တာတော့ ရှိပါတယ်။ ဥပမာ ပြည်ထောင်စုအဆင့်မှာ ကိုယ်ဝန်ဖျက်ချခွင့် တစိတ်တဒေသ ပိတ်တာမျိုးပေါ့။ ဘယ်သူမှ ဒါကြီးကို ဖယ်ရှားဖို့ လုပ်နေတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျနော်ကတော့ အဲဒီလို မမျှော်လင့်ပါဘူး” လို့ ပြောပါတယ်။
CBS ရုပ်သံက စီစဉ်တဲ့ စကားစစ်ထိုးပွဲရုပ်သံကို တရားဝင် ထပ်ဆင့်ထုတ်လွှင့်ခွင့် ၃ မိနစ်သာ ရရှိတာကြောင့် တခြားဆွေးနွေးမှုတွေကိုတော့ ခြုံငုံပြီး ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
စကားစစ်ထိုးပွဲ ပြီးခါနီးမှာ အပြင်းထန်ဆုံး ငြင်းခုန်စရာ ဖြစ်ခဲ့ရတာက ဗန့်စ်ရဲ့ မှတ်ချက်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုဖို့ အထက်လွှတ်တော်အမတ်အနေနဲ့ မဲမပေးခဲ့ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုတကြိမ် ထရမ့်ပ်ရှုံးရင်ရော ရလဒ်ကို လက်မခံဘဲ ငြင်းမှာလားဆိုတဲ့ မေးခွန်းကိုတော့ ဗန့်စ်က ရှောင်လွှဲခဲ့ပါတယ်။
မဲမသမာမှု စွပ်စွဲချက်နဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ဖို့ ထရမ့်ပ်က မြှောက်ပေးခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဝေါ့ဇ်က တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ဝေါ့ဇ်က “ထရမ့်ပ်ဟာ အခုထိ ရှုံးတယ်မပြောသေးဘူး မဟုတ်လား၊ ၂၀၂၀ မှာ ထရမ့်ပ် ရှုံးခဲ့တယ်မလား” လို့ ဗန့်စ်ဘက်လှည့် မေးခွန်းထုတ်ခဲ့ပါတယ်။
ဗန့်စ်က မေးခွန်းကိုမဖြေဘဲ ရှောင်ခဲ့ပြီး မတူတဲ့အမြင်တွေကို အွန်လိုင်းမှာ ဆင်ဆာဖြတ်ဖို့ လုပ်ဆောင်မှုအတွက် ဒုသမ္မတ ဟားရစ်မှာ တာဝန်ရှိတယ်လို့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။ ဝေါ့ဇ်က အဲဒါ အဖြေမှမဟုတ်တာလို့ ဝေဖန်ခဲ့ပါတယ်။
အသက် ၆၀ ရှိပြီဖြစ်တဲ့ ဝေါ့ဇ်ဟာ လစ်ဘရယ်အမြင်ရှိတဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အထက်တန်းကျောင်းဆရာဟောင်း ဖြစ်ပါတယ်။
ဗန့်စ်ကတော့ အရောင်းရဆုံး ကိုယ်ရေးမှတ်တမ်း စာရေးဆရာ၊ ကွန်ဆာဗေးတစ်အမြင်ရှိတဲ့ အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် ဖြစ်ပါတယ်။
ဟားရစ်မှာသာ လူလတ်တန်းစားပြဿနာအတွက် တကယ့်အစီအစဉ်ကြီးတွေ ရှိနေတယ်ဆိုရင် ဒီ ၃ နှစ်ခွဲကာလလုံး ဘာဖြစ်လို့ လုပ်ဖို့မကြိုးစားဘဲ အခုမှ ပရိုမိုးရှင်း ဆင်းနေသလဲ ဆိုတဲ့အချက်ကို ကိုင်ပြီး ဗန့်စ်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဟားရစ်နဲ့ ထရမ့်ပ် စကားစစ်ထိုးပွဲတုန်းကလည်း ထရမ့်ပ် ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့တဲ့အချက် ဖြစ်ပါတယ်။
ဝေါ့ဇ်ကလည်း ထရမ့်ပ်ဟာ တည်ငြိမ်မှုမရှိတဲ့ ခေါင်းဆောင်ဖြစ်ပြီး ဘီလီယံနာတွေအကျိုးကို ဦးစားပေးသူဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ၂ ပါတီ ပူးပေါင်းစီစဉ်တဲ့ နယ်စပ်လုံခြုံရေး ဥပဒေကြမ်းကို စွန့်လွှတ်ဖို့ ထရမ့်ပ်က ရီပတ်ဘလီကန်တွေကို ဖိအားပေးတဲ့အချက်ကို ဝေဖန်ခဲ့ပါတယ်။ ထရမ့်ပ်မှာလည်း ပြဿနာတွေဖြေရှင်းဖို့ ၄ နှစ် အချိန်ရှိခဲ့တယ် ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။
ဝေါ့ဇ်ဟာ အရင်က ထရမ့်ပ်နဲ့ ဗန့်ဇ်တို့ ၂ ဦးကို “ကြောင်တောင်တောင်တွေ” လို့ သုံးခဲ့ဖူးသလို ဗန့်စ်ကလည်း ဒီမိုကရက်အမျိုးသမီးတွေကို “ကလေးမရှိတဲ့ ကြောင်ချစ်သူအမျိုးသမီးတွေ” လို့ ထိုးနှက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီစကားစစ်ထိုးပွဲမှာတော့ ၂ ယောက်စလုံးက မူဝါဒပိုင်းကိုပဲ အားပြုဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲဆိုတာ ပုံမှန်အားဖြင့်တော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်လောက်အောင် သက်ရောက်လေ့မရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီ သီတင်း ၅ ပတ်အလိုမှာ ထရမ့်ပ်နဲ့ ဟားရစ်အကြား ကွာဟချက် အရမ်းကျဉ်းမြောင်းနေတာကြောင့် လူထုထောက်ခံမှု နည်းနည်းလေး ယိမ်းသွားရင်တောင် သက်ရောက်မှု ရှိနိုင်ပါတယ်။
စက်တင်ဘာ ၁၀ ရက်က သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ဟားရစ်က ထရမ့်ပ်ကို အသာရတယ်လို့ အများလက်ခံထားကြပေမဲ့ ဒီတခေါက်မှာတော့ ရီပတ်ဘလီကန်ဘက်က ဗန့်စ်က ဒီမိုကရက်ဘက်က ဝေါ့ဇ်ကို အသာရတယ်လို့ သုံးသပ်မှုတချို့ ရှိပါတယ်။
စစ်တမ်းတွေအရတော့ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟားရစ်က အသာရနေပါတယ်။ ဒါပေမဲ့ အဓိက အဆုံးအဖြတ်ပေးမယ့် swing states လို့ခေါ်တဲ့ ဘယ်ဘက်မဆို ပါသွားနိုင်တဲ့ ယိမ်းနေတဲ့ ပြည်နယ်တွေမှာတော့ ထရမ့်ပ်နဲ့ ဟားရစ်ဟာ သူမသာ ကိုယ်မသာ ဖြစ်နေတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
စိုင်းခေတ်နွေ
Source: Reuters