Home
ရုပ်သံ
မြန်မာကိုယ်စားပြုခွင့် ပြန်သုံးသပ်ရန် အာဆီယံကို အရပ်ဘက်အဖွဲ့  ၂၄၀ ခန့် တောင်းဆို
DVB
·
October 2, 2024
photo Crd-MOFA-Myanmar

အာဆီယံအစည်းအ၀ေး ၅၀၀ ကျော်ကို စစ်အုပ်စုဘက်က တက်ရောက်ခဲ့ပြီးနောက် အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အောက်တိုဘာ ၂ ရက် ဒီနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဆီယံဟာ ထိပ်သီးအစည်း၀ေးနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ပြီးတော့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ သူတို့ရဲ့ ခန့်အပ်ခံတွေဟာ မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံ အစည်းအ၀ေးပေါင်း ၅၀၀ ကျော်ကို တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Defend Myanmar Democracy အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်" ဆိုတာမျိုးက လုံး၀မရှိပါဘူး။ အာဏာသိမ်း ကြိုးပမ်းမှုဖြစ်စဥ် စတင်ကတည်းက စစ်အုပ်စု ခန့်အပ်ထားသူမှန်သမျှဟာ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ ဗုံးကြဲလိုက်၊ ညှဉ်းပန်းနှိပ်စက်လိုက်နဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံက အစည်းအ၀ေးဖိတ်ကြားတာဟာ အင်မတန် တုန်လှုပ်ချောက်ချားစရာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားပြီး အစိုးရအဖြစ် ပုံဖော်ဖို့ လုပ်ကြံဖန်တီးနေတဲ့ စစ်အုပ်စုရဲ့ အားထုတ်မှုကို အာဆီယံက အထောက်အပံ့ပေးနေတာပဲ ဖြစ်တယ်။ အာဆီယံဟာ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေမှုကို ယိုင်လဲပျက်ပြားအောင် လုပ်နေတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်အုပ်စု အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ ၀န်ကြီးအဆင့် အစည်းအ၀ေးပေါင်း ၂၀ ကျော်ကို တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအ၀ေးတွေထဲမှာ ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊  ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေး၀ါးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်း စတာတွေနဲ့ စပ်လျဥ်းတဲ့ အစည်းအ၀ေးတွေ အပါအ၀င်ဖြစ်တယ်လို့ အရပ်ဘက် အဖွဲ့အစည်း ၂၃၇ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါအစည်းအ၀ေးတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စိုး၀င်း၊ မြထွန်းဦး၊ မိုးမြင့်ထွန်း၊ တင်အောင်စန်း၊ မိုးအောင်၊ ခင်မောင်ရီ၊ ကံဇော်၊ အောင်နိုင်ဦး အစရှိတဲ့ စစ်အုပ်စု အဆင့်မြင့်ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး သူတို့ကို အာဆီယံ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

တချိန်ထဲမှာပဲ “နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်” ကို ဖိတ်ကြားတဲ့ ဆုံးဖြတ်ချက်က အဆင့်မြင့်အစည်းအ၀ေးတွေကို စစ်အုပ်စုကိုယ်စားလှယ်ကို စေလွှတ်ခွင့် ပေးတာဖြစ်တာကြောင့် အာဆီယံက စစ်အုပ်စုကို နိုင်ငံရေးအရတရား၀င်မှု ပေးအပ်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Defend Myanmar Democracy အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “အာဆီယံခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူတွေအပေါ်  ကောင်းကျိုး/ဆိုးကျိုး သက်ရောက်မှုတွေရှိတဲ့ ဒေသတွင်း ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျနော်တို့ရဲ့  အစိုးရကို ပါ၀င်တက်ရောက်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ လူသတ်စစ်အုပ်စုကို ပါ၀င်ခွင့်ပေးရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၆ ရက် စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားဖို့  အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေး၀န်ကြီးတွေကို တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါပေးစာမှာတော့ အာဆီယံ ထိပ်သီးအစည်းအ၀ေးဟာ အမြင့်ဆုံး မူ၀ါဒချမှတ်တဲ့ အစုအဖွဲ့ဖြစ်တာကြောင့် မြန်မာနိုင်ငံကို မည်သူကိုယ်စားပြုခွင့် ရှိတယ်ဆိုတာနဲ့ စပ်လျဥ်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ချက် ပြောင်းလဲချမှတ်ဖို့ တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013