သံဃာစီတန်း၊ ပေါင်းကြွလှမ်း၍
ပြည့်လမ်းများလျှောက်၊ သပိတ်မှောက်ခဲ့
တဆယ့်ခွန်နှစ် တိုင်ခဲ့ပြီ။
ကရင်ပြည်နယ် ဘားအံ ၈၈ ကျောင်းသားအဖွဲ့က ဦးမြင့်အောင် ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ စက်တင်ဘာ ၁၈ ရက်မှာ ရွှေဝါရောင် ၁၇ နှစ်ပြည့် လုပ်မယ်တဲ့။ မန္တလေးသံဃာတွေကတော့ စက်တင်ဘာ ၂၆ ကို ရွှေဝါရောင် တော်လှန်ရေးနေ့လို့ သတ်မှတ် ကျင်းပကြပါတယ်။ အခုကတော့ ဆရာတော် မင်းသုညက ကမကထ လုပ်တယ်။ ငွေအား လူအား ဝိုင်းကြိုးပမ်းကြတော့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးဆရာတော်ကပါ လှမ်းကူပေးတယ်။ ဒါနဲ့ပဲ စက်တင်ဘာ ၁၈ ရက် ပွဲဖြစ်တော့ ရွှေဝါရောင်ဆရာတော် မင်းသုည က . . . .
“ရွှေဝါရောင် တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ဟာ ဒကာ ဒကာမတွေရဲ့ စားဝတ်နေရေး အပါအဝင် အထွေထွေ အကျပ်အတည်းတွေက လွတ်မြောက်ရေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးပါ။ တောင်းဆိုသမျှကတော့ အခုထိ မရရှိသေးဘူး” လို့ မိန့်သွားခဲ့ပါတယ်။
ကျနော့်ကိုလည်း စကားပြောခိုင်းလို့ ပြောခဲ့ရတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်တို့ သတင်းသမားတွေလည်း ပါဝင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံရဲ့ သတင်းတွေ၊ ရွှေဝါရောင် ဂုဏ်ပြုကဗျာတွေကို ရေးသား ခဲ့ကြတာပါ။
ငါးရောင်ခြယ်
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်။ ။
(မောင်လွမ်းဏီ)
ရွှေဝါရောင် ဆောင်းပါးတွေ၊ မှတ်တမ်း ရုပ်ရှင်တွေပါ ရိုက်ကူးခဲ့ကြပါတယ်။ BURMA VJ ရုပ်ရှင်ဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလ သတင်းမီဒီယာသမားတွေ အကြောင်း ရိုက်ကူးထားတာပေါ့။ အလွန်နာမည်ကျော်လှပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ကျနော်ကိုယ်တိုင်လည်း ဇာတ်ဝင်ခန်းတချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ ဂျပန်သတင်းသမား နာဂအိစံကို ရွှေဝါရောင် ဆန္ဒပြပွဲ မှတ်တမ်းယူနေတုန်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က ရန်ကုန်မှာ စစ်တပ်က ပစ်သတ်တယ်။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စတဲ့ မြို့တွေမှာ ရဟန်း၊ သာမဏေ သီလရင်တွေကို ရိုက်တယ် ဖမ်းတယ် ပစ်သတ်တယ်။ ပျံတော်မူခဲ့ကတာပေါ့။ နာဂအိစံ အပါအဝင် သတင်းသမားတွေ ပြည်သူလူထုတွေလည်း သေဆုံးခဲ့တယ်။ နအဖ စစ်အစိုးရက ၁၃ ဦး သေတယ်ဆိုလား ကြေညာတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ပီညဲရိုးက အနည်းဆုံး သံဃာ အပါး ၄၀ ပျံလွန်တော်မူကြောင်း ကြေညာခဲ့ပါတယ်။ ကျနော်တို့ DVB ကတော့ သံဃာတွေအပါ လူအားလုံး ၁၃၈ ဦး ရွှေဝါရောင်အရေးတော်ပုံကြီးအတွင်း စစ်တပ် လက်ချက်နဲ့ သေခဲ့ကြောင်း ထုတ်ပြန်တယ်။
လမ်းလျှောက်မေတ္တာ၊ ပို့ခဲ့တာကြောင့်
သံဃာတော်များ၊ ပျံလွန်သွားရ
စစ်သားလုံထိန်း၊ လူသတ်ယိမ်းက
ဖမ်းဆီးထိန်းချုပ်၊ အမှုလုပ်ပြန်
ထောင်နံရံတွင်း၊ သီတင်းသုံးရ
ယုတ်မာလှသော ဖက်ဆစ်များ ။ ။
၂၀၀၇ ခုနှစ် ဩဂုတ်လမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီစတဲ့ လောင်စာစျေးတွေတက်လို့ နောက်ဆက်တွဲ ကုန်စျေးနှုန်းတွေတက်ပြီး ပြည်သူလူထုအပေါင်း အထွေထွေအကျပ်အတည်းဆိုက်ခဲ့လို့ ဒါယိကာ ဒါယိကာမတွေအတွက် မြန်မာ သံဃာထုက ဦးဆောင်ပြီး စစ်အာဏာရှင် အစိုးရကို ဆန္ဒပြတော်မူခဲ့ကြရာကနေ ကမ္ဘာကျော်အရေးအခင်းတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ သံဃာထုရဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးပါပဲ။ အခု ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရွေဝါရောင် တော်လှန်ရေးကြီး ၁၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဒီတော်လှန်ရေးကြီးက ဘာတွေ ရခဲ့ပါသလဲ။
ကျောင်းသားသမဂ္ဂတွေကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပထမ သံဃာချည်း လမ်းလျှောက်ခဲ့တယ်။ နောက်တော့ နှစ်များစွာ ငြိမ်နေခဲ့ကြတဲ့ ပြည်သူတွေ ပါလာခဲ့တယ်။ သံဃာတွေကို လက်ခြင်းယှက် ဝန်းရံပြီး ပါဝင်လာကြတယ်။ ကဗျာဆရာအောင်ဝေး၊ ဇာဂနာ၊ အကယ်ဒမီ မင်းသား ကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်နဲ့ ကိုဇော်သက်ထွေး စသဖြင့် ပြည်သူ့ဘက်က ရပ်တည်သူတွေ ထွက်ပေါ်လာခဲ့တယ်။ ဆွမ်းတွေကပ်ကြတယ်။ ဆန္ဒပြသံဃာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ကြတယ်။ ရွှေတိဂုံက စထွက်တော့ သံဃာတွေ ဝါဝါတွေကြား ခွပ်ဒေါင်းအလံနီနီက ထောင်တက်လာပြီး စတင်လွှင့်ထူတယ်။ ပြီးခဲ့တဲ့လကတည်းက မင်းကိုနိုင်၊ မြအေး၊ ဂျင်မီ စတဲ့ ၈၈ ဗကသ ကျောင်းသားတွေကို ဖမ်းလိုက်ပြီး ချုပ်နှောင်ထားပြီးနောက် ငြိမ်နေခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေဟာ သံဃာ့သပိတ် အကြောင်းပြုလို့ ပြန်ပေါ်လာပြီ။ မျိုးဆက်သစ်တွေပေါ့။ ကျနော် စည်သူမောင် တဲ့၊ ကျနော် ဒီငြိမ်းလင်း တဲ့၊ ကျော်ကိုကို တဲ့ စသဖြင့်ပေါ့။ ဗကသ မျိုးဆက်တွေ ဒီနေ့ထိ ဆက်ဆက်သွားပြီလေ။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ဆွဲထုတ်နိုင်ခဲ့တယ်။ နအဖ စစ်အစိုးရဟာ ဒေါ်စုကို နေအိမ်ချုပ်ထားပြီး ပြည်သူနဲ့ အဆက်ဖြတ်ထားခဲ့တယ်။ ဒါကို လက်နက်ကိုင်အဖွဲ့တွေရော လက်နက်မကိုင် အဖွဲ့တွေရော ဒေါ်စုကို လူမြင်ကွင်းဆီ ဆွဲမထုတ်နိုင်ခဲ့ဘူး။ အင်္ဂါသမီး အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရွှေတိဂုံ အင်္ဂါနံထောင့် ဆုတောင်းအဖွဲ့က ဆုတောင်းနေခဲ့ကြတာပဲ ရှိခဲ့တယ်။ ဆုတောင်းရုံနဲ့ လိုရာမရ။ လက်တွေ့အလုပ်လုပ်မှ ရမယ်လေ။ ရွှေဝါရောင်သံဃာတွေ ဒေါ်စု ခြံဝကို သွားဝိုင်းပြီး…
တွေ့ချင်သပ၊
ထွက်လာရမည်၊
သံဃအင်အားပြသတည်း။ ။
ဆိုတော့ ဒေါ်စုက ထွက်လာပြီး ရှိခိုးတယ်။ လုံခြုံရေးတွေ နောက်က ခပ်လှမ်းလှမ်းသာ တွေ့ရတာ ဆိုပေမည့် ပြည်သူ့ခေါင်းဆောင်ကို သံဃာထုက ရွှေဝါရောင်တော်လှန်ရေးနဲ့ ဆွဲထုတ်တော်မူနိုင်ခဲ့တာပဲ။ သံဃာထုက စုကို ထောက်ခံကြောင်း ပြလိုက်နိုင်တာပ။ နောက်ပိုင်း ဒေါ်စု လွတ်မြောက်ပြီး အတိုင်ပင်ခံဘဝနဲ့ အစိုးရ ဖြစ်လာရတာ ရွှေဝါရောင်ရဲ့ ထောက်ခံချက်ကြောင့်။
DVB TV ကို ပိုလူသိများလာစေသော ရွှေဝါရောင်တော်လှန်ရေးလို့လည်း ဆိုရမှာပါ။ ကျနော်တို့ DVB သတင်းထောက်တွေဟာ ၂၀၀၇ ဩဂုတ် ၂၂ ကစပြီး သတင်းအလုပ်တွေ များခဲ့တာပါ၊ စက်တင်ဘာ၊ အောက်တိုဘာလတွေအထိ ရွှေဝါရောင်သတင်းတွေနဲ့သာ လုံးပန်းခဲ့ကြရပါတယ်။ ရက်စွဲတွေ မှတ်မိသလောက် ၂၂ ဩဂုတ် ၂၀၀၇ ဦးကြည်မောင် တနှစ်မြောက်မှာ ၈၈ ကျောင်းသားတွေ လမ်းလျှောက် ဆန္ဒပြတယ်။ ဓာတ်ဆီဈေးကျရေး၊ ကားခတွေ ဈေးမတက်ဖို့။ အဲ့သည်ည အားလုံး အဖမ်းခံရတယ်။ ၂၃ ရက်မှာ မနီလာသိန်း၊ ကိုအောင်နိုင်၊ မမီးမီး (ကွယ်လွန်) တို့ ဦးဆောင် ဆန္ဒပြတယ်။ DVB သတင်းထောက် အောင်ကြီး၊ ဗိုလ်သူရိန်တို့နဲ့ တခြား DVB သတင်းထောက်တွေ သတင်းလိုက်ယူကြတယ်။ မမီးမီး(ကွယ်လွန်) နဲ့ DVB သတင်းထောက် အောင်ကြီး(ကွယ်လွန်) တို့ကို ဒီနေရာကနေ သတိရ လွမ်းဆွတ် ဂုဏ်ယူကြောင်း ပြောလိုပါတယ်။
DVB အောင်ကြီးဟာ သတင်းတွေ မပြတ်တမ်း ပို့နေတယ်။ သတင်းထောက်တွေ အင်တာနက်ဆိုင်တွေကသာ သတင်းပို့လို့ရတဲ့ခေတ်မှာ အောင်ကြီးက ဓာတ်ပုံ၊ ဗွီဒီယိုတွေကို ဘယ်လိုပို့နိုင်တာလဲပေါ့။ အောင်ကြီး ပြောတာက ကျနော်က စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဆန်းရဲ့ အင်တာနက်ဆိုင်က ပို့တာတဲ့။ ထောက်လှမ်းရေးဆိုင် ဆိုတော့ သူပုန် သတင်းထောက်တွေ မသွားရဲတဲ့နေရာလေ။ တနာရီ ကျပ် ၄၀၀ တဲ့။ ဈေးကလည်းကြီးဆိုတော့ မသွားကြဘူး။ ဒါပေမဲ့ အောင်ကြီးကတော့ ထောက်လှမ်းရေးကလိုလို၊ ကြံဖွတ်ကလိုလိုဟန်နဲ့ အဲ့သည် သွားပို့ခဲ့တာ။ အာဂ အောင်ကြီးပါ။ ကောင်းရာသုဂတိလားပါစေ။
အဲ့သည်နောက် စက်တင်ဘာလ ၂၉ ရက် ၂၀၀၇ မှာ စစ်တွေမှာ သံဃာ အပါး ၂၀၀ လမ်းလျှောက်ကြတယ်။ စက်တင်ဘာလဆန်းကျတော့ ပခုက္ကူသံဃာ ၅၀၀ ဆန္ဒပြတယ်။ DVB TV က လွှင့်တယ်။ စစ်အစိုးရ ကြေးမုံသတင်းစာက သံဃာ အပါး ၂၀ သာ ဆူပူအုံကြွကြတယ်လို့ ရေးတယ်။ ဒါကို ပခုက္ကူမှာ သံဃာ အပါး ၂၀ ဆန္ဒပြတာကို စစ်အစိုးရသတင်းစာက အတည်ပြုကြောင်း DVB က ပြန်ထုတ်လွှင့်တယ်။ စစ်အစိုးရနဲ့ DVB TV တို့ဟာ မီဒီယာစစ်ပွဲ ဆင်နွှဲနေတာလို့ ကျနော်က ပြောတယ်။ စက်တင်ဘာ ၅ ရက် ပခုက္ကူမှာ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး အရိုက်ခံရတယ်။ အဲ့သည်နောက် ပတ္တနိက္ကုဇနကံဆောင်တော်မူကြ လမ်းလျှောက် မေတ္တသုတ် ရွတ်ကြတယ်။ စစ်တပ်ကလည်း ပစ်သတ်၊ ဖမ်း၊ ကျောင်းတိုက်တွေ ဝင်သိမ်း၊ သံဃာတွေ ပျံတော်မူ သွေးမြေကျကုန်ပေါ့။ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆူးလေမှာ စစ်တပ်က ပစ်သတ်လို့ လူ ၂ ယောက် ကျောပွင့် သေဆုံးတာကို ကိုယ်တွေ့ကြုံ မြင်ခဲ့ရသူ ကိုလူမြတ်ကျော်က ၁၇ နှစ်မြောက်ပွဲမှာ ပြန်ပြောပြပါတယ်။ ဒီပွဲမှာပဲ ကိုယ်တွေ့မြင်ခဲ့သူ မန္တလေးသားတယောက်ကလည်း ရွှေဝါရောင် ဆန္ဒပြပွဲအတွင်း မန္တလေးကျောင်းတိုက်မှာ သံဃာ ၂ ပါးကို စစ်တပ်ပစ်သတ်တာ မြင်ခဲ့တယ်လို့ ပြောပြပါတယ်။ ကျနော်တို့ DVB TV ဟာလည်း ရွှေဝါရောင် သတင်းတွေ ဝေဝေဆာဆာ ထုတ်လွှင့်ရင်း လူကြိုက် လူကြည့်ပိုများလာခဲ့တာပါ။ “ဟေ့ သူတို့ MRTV မှာ သတင်းလိမ်တွေချည်းမို့ မကြည့်ဘူး။ DVB မှာ သွားကြည့်ကြမယ်။ အမှန်လွှင့်တဲ့ဆီပဲ သွားကြည့်မယ်” ဆိုတဲ့ အသံတွေက ရွှေဝါရောင်တော်လှန်ရေးရဲ့ အကျိုးဆက်ပါ။
ဟာသဝိဇ္ဇာ၊ ဇာဂနာက
သံဃာရတနာ၊ ဂန်းစာမိကြောင်း
ကြေညာမောင်းခတ်ခဲ့သေးတယ်။
စစ်တပ်အာဏာ၊ ခြိမ်းခြောက်ပါမူ
ဘယ်သူမဆို၊ သံဃာအိုလည်း
သတ်မှာပဲလေ၊ မတွေဝေပါ
စစ်အာဏာရှင်၊ မဆင်ခြင်ကြောင်း
ကောင်းကောင်း သိခဲ့ကြပါလေတော့၏ ။ ။
ဗုဒ္ဓဘာသာဝင် သာသနာပြုနေကြသူတွေပါလို့ သူတို့ကိုယ်သူတို့ သမုတ် ခေါ်ဝေါ် နေကြတဲ့ စစ်တပ် ခေါင်းဆောင်ကြီးတွေဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များကို ရိုက်နှက် ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ မဂ္ဂင်ကျောင်းတိုက် ဆရာတော်ရဲ့ ဖခမည်းတော် ဘုန်းကြီးအိုကြီးကိုတောင် လုံထိန်းတွေက ရန်ကုန်က လမ်းပေါ်မှာ ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တဲ့အထိ ရိုင်းပျခဲ့တာပါ။ “သံဃာသတ်တဲ့ စစ်အစိုးရ” လို့ ကင်ပွန်းတပ်ကြရတဲ့အထိပါပဲ။ စစ်တပ်ဟာ အာဏာမစွန့်ရရေး ဆိုပါက ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းတွေကိုလည်း သတ်ရဲသလို အဆုံးစွန်ပြောရရင် ရဟန်းသံဃာ ဆရာတော်ကြီးတွေကိုပါ (ငရဲမကြောက်) သတ်ရဲသူတွေ ဖြစ်ကြောင်း ၁၇ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးကြီးက သက်သေပြနေပါတော့တယ် ခင်ဗျာ။ ။