Home
ဆောင်းပါး
DVB ရေဒီယိုမှသည် ယနေ့ ရုပ်သံခေတ်သို့
မောင်တူး
·
July 18, 2024

DVB ဆို၊ ရေဒီယိုခေတ်

လှိုင်းကိုဖမ်းရ၊ ခက်ပါလှလည်း

မရမနေ၊ ဓာတ်ခဲတွေထည့်

နားထောင်ခဲ့သည်၊ တို့ရဲ့ဌာနီ

DVB တဲ့၊ တည်ထောင်ခဲ့တာ

သုံးဆယ့်နှစ်နှစ် ကြာခဲ့ပြီ။ ။

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလိုမြို့ကနေ အခြေစိုက်ပြီး ၂၅ မိနစ်စာ ရေဒီယို ထုတ်လွှင့်ခဲ့တာက စတင်ခဲ့တဲ့ DVB သတင်းဌာနကြီးဟာ ၃၂ နှစ်သား ရှိလာပါပြီ။ ကွယ်လွန်သူ နိုင်ငံကျော် ကဗျာဆရာကြီး တင်မိုးဟာ အော်စလိုမြို့က DVB ရေဒီယိုအသံလွှင့်ရုံ ဌာနချုပ်မှာ ဝိုင်းတော်သားတဦးအဖြစ် လာရောက် အသံလွှင့်ခဲ့ဖူးပါတယ်။ နော်ဝေနိုင်ငံဟာ ရေခဲတွေကြား သွားလာရတဲ့နိုင်ငံပါ။ အေးလှ ချမ်းလှသား ကြားက အသံလွှင့်ခဲ့ရတာကို ဆရာတင်မိုးက “နှင်းတောင်ပေါ်က အသံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတပုဒ် ရေးခဲ့ဖူးပါတယ်။

နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏

စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက

အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။

(တင်မိုး)  ၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း

နောက်ပိုင်းမှာ ဒီဗွီဟာ ရုပ်မြင်သံကြား လွှင့်ပါတယ်။ ကုန်ကုန်ပြောရရင် အခုအချိန်မှာတော့ နိုင်ငံတကာအဆင့်မီ Multimedia သတင်းဌာနကြီး ဖြစ်လာပြီပေါ့။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း DVB ကို နားထောင်ဖို့၊ DVB သတင်းတွေကို အသံဖမ်းထားပြီး စာရွက်တွေနဲ့ကူးရေး ဖြန့်ချိကြဖို့၊ DVB ကို မြို့နယ် ကျေးရွာ အရပ်ရပ်ကနေ ဖုန်းဆက် သတင်းတွေပေးကြဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။ မြို့နယ် ကျေးရွာအရပ်ရပ်က ပြည်သူတွေဟာလည်း DVB ကို နေ့စဉ်မပြတ် ဖမ်းယူနားထောင်ပြီး သတင်းတွေ သိခဲ့ကြရတယ်လို့ ပြောခဲ့ကြတာပါ။ DVB ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ သတင်းတွေကို လွတ်လွတ်လပ်လပ် ထောက်လှမ်းရယူ ထုတ်လွှင့်နိုင်ခဲ့လို့ ဒီလို အားကိုး နားဆင်ခဲ့ကြတာလို့ သုံးသပ်မိပါတယ်။

x x x လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ x x x

x x x ရအောင်တိုက်မည် ဒီဗွီဘီ x x x

x x x မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ x x x

x x x လွတ်လပ်တဲ့ ခေတ်တခေတ်ကိုမျှော်ရည် x x x

DVB ရေဒီယိုအစီအစဉ်ရဲ့ အဖွင့်သီချင်း စာသားလေးပါ။ ဒီသီချင်းလေး တစဟာပဲ DVB ရဲ့ ရပ်တည်ချက်ကို ညွှန်းပြနေတာ ဖြစ်ပါတယ်။ စစ်သားတွေဟာ တိုက်ပွဲတွေကပဲ ကျွမ်းကျင်မှုကို သင်ယူခဲ့ရတာလို့ ဆိုပါတယ်။ DVB ဟာလည်း လက်တွေ့ကွင်းဆင်း သတင်းထောက်လှမ်း စတဲ့ လက်တွေ့ခရီးကြမ်းတွေကြားကပဲ ရင့်ကျက် ကျွမ်းကျင်လာခဲ့ပြီပေါ့။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်က တရားဝင် ရုပ်မြင်သံကြားထုတ်လွှင့်တာကို ပိတ်ပင်ပြီး သတင်းဌာန ရပ်တည်ခွင့်ကို ရိုက်ချိုးခဲ့ပေမဲ့ အခုတိုင် သတင်းတွေ ပိုမိုထုတ်လွှင့်နေတုန်းပါ။

တချို့ DVB သတင်းထောက်တွေက အကျဉ်းခန်းတွေထဲမှာ

တချို့ DVB သတင်းထောက်တွေက တောထဲမှာ

တချို့ DVB သတင်းထောက်တွေက ပြည်ပမှာ

တချို့ DVB သတင်းထောက်တွေက စစ်မြေပြင်မှာ

တချို့ DVB သတင်းထောက်တွေက ပုန်းအောင်းနေကြရ

ဘယ်လိုအခြေအနေဖြစ်စေ ရောက်ရာနေရာ ရရာအခြေအနေအလိုက် DVB သတင်းသမားတွေကတော့ မြန်မာပြည်သူလူထုတွေအတွက် သတင်းတွေကို ကြိုးစား တင်ဆက်ပေးနေဆဲပါ။ လာမယ့် ၂၀၂၄ ဇူလိုင် ၁၉ မှာ DVB ၃၂ နှစ်ပြည့်ပြီ။ မျိုးဆက်ဟောင်း မျိုးဆက်သစ် DVB ဝိုင်းတော်သားတွေ၊ အားပေးကူညီသူတွေ၊ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ၊ ပရိသတ်ဟောင်းသစ်တွေ အားလုံးကို လေးစား ကျေးဇူးတင်ပါတယ်။ DVB ကို ဆက်လက် အားပေး ဝန်းရံကြပါဦး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013