Home
မြန်မာသတင်း
မန္တလေး လပခ ကို တိုက်ခိုက်မှုအတွင်း အရာရှိ အပါအဝင် ​၆ ဦးသေဆုံး
DVB
·
October 2, 2024
photo Crd-Brave Warriors for Myanmar (BWM)

မန္တလေးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က အရာရှိ ၁ ယောက် အပါအဝင် ​၆ ယောက် သေဆုံးကာ အဆောက်အဦတချို့ ထိခိုက်ပျက်ဆီးသွားတယ်လို့ Brave Warriors Myanmar (BWM) ဆီကနေ သိရပါတယ်။

Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့စီမံမှုနဲ့ Shadow Mandalay အဖွဲ့ဟာ မန္တလေးနန်တွင်း လပခထဲကို စက်တင်ဘာ ၂၉ ရက် မနက်အစောပိုင်းက ၁၀၇ မမ ရှော့တိုက် ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ၄ လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။

BMW ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ကျနော်တို့ပစ်လိုက်တဲ့ ၆ လုံးထဲက လပခထဲကို ၂ နေရာ ၂ လုံးစီခွဲကျတယ်။ ပထမ ၂ လုံးကျတာက ဘားတိုက်ပေါ်ကိုအတည့်ကျလို့ အဲ့ဒီဘားတိုက်ထဲက ၆ ယောက်သေတယ်၊ ၂၀ ကျော် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲက ၄ ယောက်လောက်က ဆေးရုံမှာ အခြေအနေမကောင်းဘူး။ သေတဲ့ ၆ ယောက်ထဲမှာ ဒုတပ်ရင်းမှူးအဆင့် ၁ ယောက်ပါသွားတယ်။ အဲ့ဒီဘားတိုက်အပါအ၀င် တခြားဘားတိုက် ၂ လုံးလည်း ဗုံးစတွေထိလို့ လုံး၀ပျက်စီးကုန်တယ်။ တခြားအဆောက်အဦ ၄ လုံးကလည်း နံရံတွေပြိုပြီး အမိုးတွေလန်ကုန်တယ်။ ဒုတိယ ၂ လုံးကတော့ သူတို့စစ်ဆင်ရေးထွက်ဖို့ အဆင်သင့်လုပ်ထားတဲ့ကားတွေထားတဲ့ ဂိုဒေါင်ဘက်ကျပြီး ကားတွေပျက်စီးကုန်တယ်။ ပျက်စီးတဲ့ ကားအရေအတွက်ကို စုံစမ်းနေတယ်လို့ ဖရဲသီးကနေ သတင်းပို့လာပါတယ်ဗျ” လို့ ပြောပါတယ်။

BWM နဲ့မဟာမိတ်အဖွဲ့တွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ၂၀၂၃ ဒီဇင်ဘာလထဲမှ ပထမအကြိမ်၊ ၂၀၂၄ စက်တင်ဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခုအကြိမ်ဟာ စက်တင်ဘာလအတွင်း  တတိယအကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

BMW ရဲ့ တာ၀န်ခံတယောက်က “ကျနော်တို့ BWM အဖွဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအတွက် သက်ရောက်မှု ကြီးမားတဲ့ စစ်ရှုံးစစ်ကောင်စီတပ်က လေတပ်စခန်းတွေ အပြင် တခြားစစ်ရေးပစ်မှတ်တွေကို ရှာဖွေတိုက်ခိုက်နေတာပါ။ အခုလိုတိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်တာဟာ သူတို့ လက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အမိန့်ပေးမှု Chain of Command ကို ဖြတ်တောက်လိုတာကြောင့် အခုလိုတိုက်ခိုက်ရတာဖြစ်တယ်ဆိုတာကို တော်လှန်ရေးမှာ ပါ၀င်ပတ်သက်နေကြသူတွေအပါအ၀င် ပြည်သူအားလုံးကိုသိစေလိုတာပါ”လို့ DVB ကို ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ စစ်ကောင်စီတပ်ရဲ့ အဓိကအားထားရတဲ့ စစ်တိုင်းဌာနချုပ်ဖြစ်လာခဲ့​တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါတဲ့အပြင် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးသေဆုံးမှုအခြေအနေကို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013