Home
မြန်မာသတင်း
ဘားအံနှင့် တောင်ငူတွင် ရေဘေးသင့်ပြည်သူ ၆၀၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ 
DVB
·
September 17, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တို့မှာ  ဒေသခံ လူဦးရေ ၆၀၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်း ၆၀ ကျော်မှာ ခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေထံကသိရပါတယ်။ 

ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၁၁၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ခိုလှုံနေရတယ်လို့  လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် ည ၆ နာရီခွဲအချိန် အတိုင်းတာချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ၉၆၈ စင်တီမီတာကနေ ၈၈၀ စင်တီမီတာကို ပြန်လည်ကျဆင်းနေပြီး ဘားအံမြို့ရဲ စိုးရိမ်ရေအမှတ် ၇၅၀ စင်မီတာအထက်မှာ ရှိနေဆဲဖြစ်ပါတယ်။ 

ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၄၀၀၀ ကျော်၊ လူဦးရေ ၁၁၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရေအခြေအနေကတော့ စိုးရိမ်ရေအမှတ်အထက်မှာ ရှိသေးတယ်။ အခုလောလောဆယ်တော့ အိမ်ထောင်စု ၄၀၀၀ ကျော် လူဦးရေ ၁၁၀၇၄ ယောက် ရေဘေးသင့်ခဲ့တယ်။ ဒီမှာ အိမ် ၁ လုံး မျောပါတာ ရှိတယ်၊ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လူကတော့ စက်လှေနဲ့လိုက်တာမိ သွားတယ်။ ကျန်တဲ့အခက်အခဲကတော့ သိပ်မရှိဘူး။”

သံလွင်မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းက ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့နေထိုင်ဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးပြီး လိုက်လံကူညီကယ်ဆယ်ခဲ့ပေမဲ့  ဒေသခံတွေ မပြောင်းရွှေ့တာကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရပြီး သေဆုံးသူ ၂ ယောက်ရှိခဲ့တယ်လို့  လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဘားအံ-မြိုင်ကလေး (သံလွင်တံတား)လမ်း ရေပြန်လည်ကျဆင်းခဲ့တာကြောင့် စက်တင်ဘာ ၁၆ ရက် ညနေကစတင်ပြီး ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံး ပြန်လည်ပြေးဆွဲနေပြီလို့ ယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။  

ဒါအပြင် ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ကို စစ်တောင်းမြစ်ရေဝင်ရောက်ပြီး မြစ်ကမ်းနံဘေးနေထိုင်တဲ့ ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက် ၂၃  ခုကို ရေဝင်ရောက်တာကြောင့် လူဦးရေ ၅၀၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်း ၅၀ လောက်မှာ ခိုလှုံနေရတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်နေသူတယောက်က “ရပ်ကွက်တွေက မြေနိမ့်ပိုင်းရပ်ကွက်တွေ အကုန်မြုပ်သွားတယ်။ စစ်တောင်းမြစ်ကမ်းနားတလျှောက် မြေနိမ့်ပိုင်း နေအိမ်တွေအကုန်။ လူဦးရေဆိုရင် ၅၀၀၀၀ လောက်ရှိမယ် ထင်တယ်။ စခန်းက လောလောဆယ် ကျနော် သိသလောက် ၅၀ လောက် ခိုလှုံနေရတယ်။ ရေကတော့ တဖြည်းဖြည်းနဲ့ ကျနေပြီ။ ရေကျတယ် ဆိုတာကလည်း ဒလဟောကျတာ မဟုတ်ဘူး၊ နည်းနည်းကျတာ၊ ရေပြန်ဆုတ်တာပေါ့။ လူသေအလောင်းတွေတော့ တွေ့ရတာရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်အထိ တောင်ငူမြို့မှာ ရေပြန်လည်ကျဆင်းနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်အတွင်းက ရေနစ်သေဆုံးသူ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိထားပါတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ရှင်ပါလုအသင်းတော် လူမှုကူညီရေးအသင်းက အသင်းဝင် လူငယ် ၁ ယောက်ဟာ ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ရေစီးနဲ့အတူမျောပါပြီး အသက်ပေးခဲ့ရပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013