ဗြိတိန်ဝန်ကြီးချုပ်စတာမာက ယူကရိန်းကို အခိုင်အမာထောက်ခံတယ်လို့ အိမ်ဖြူတော် တွေ့ဆုံပွဲအပြီး မှာ ပြောကြားခဲ့ပါတယ်။
စတာမာဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းကို တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးဖို့ ဘိုင်ဒန်ကို စည်းရုံးနိုင်ခဲ့လားဆိုတဲ့ မေးခွန်းတွေကို ဖြေကြားရမှာ အခိုင်အမာထောက်ခံတယ်လို့ ပြောဆိုခဲ့တာပါ။
စတာမာက ဆွေးနွေးမှုမှာ ရေရှည်နဲ့ အကျိုးဖြစ်ထွန်းမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်း အပါအဝင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအကြောင်းကို စတာမာက အဓိက ဖြေကြားခဲ့ပါတယ်။
တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးပါက နေတိုးနဲ့ စစ်ဖြစ်မယ်လို့ ပူတင်ရဲ့ ခြိမ်းခြောက်မှုအပေါ် မေးမြန်းခဲ့မှုကိုလည်း စတာမာက အခုလို ဖြေကြားခဲ့ပါတယ်။
ပူတင်က ယူကရိန်းကို တရားမဝင် ကျူးကျော်စစ်ပြုခဲ့တာဖြစ်ကြောင်း၊ ဒီစစ်အရေးကိစ္စကို ဖြေရှင်းဖို့ဆိုတာ ပူတင် ဘာတွေလုပ်နေလဲပေါ် မူတည်ကြောင်း၊ ယူကရိန်းက ခံစစ်ပြုလုပ်တာ မှန်ကန်တဲ့အတွက် ယူကရိန်းဘက်မှာ စည်းစည်းလုံးလုံး ရပ်တည်ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီဆွေးနွေးမှုမှာ ယူကရိန်းအကြောင်း အသေးစိတ်မပါဝင်ဘဲ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ့အရေးတွေကို ဆွေးနွေးခဲ့ကြောင်း၊ မဟာမိတ်တွေအကြောင်း ဆွေးနွေးဖို့ အခွင့်အရေးကလည်း အရမ်းအရေးကြီးတာကြောင့် ဆွေးနွေးဖို့ အခွင့်အရေးရတဲ့အချိန် ဆွေးနွေးမှာဖြစ်ကြောင်း စတာမာက ဖြေကြားခဲ့ပါတယ်။
စတာမာနဲ့ ဘိုင်ဒန်တို့ရဲ့ တွေ့ဆုံမှုဟာ ယူကရိန်းကို တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ကြပါတယ်။
စတာမာကတော့ ဒီလိုအသုံးပြုခွင့် ပေးဖို့ဆိုရင် ယူကရိန်း အပါအဝင် တခြား နေတိုးအဖွဲ့ဝင်နိုင်ငံတွေပါ ပါဝင်ဆွေးနွေးပြီ ဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။
ယူကရိန်းကို ကျူးကျော်စစ် ပြုလုပ်နေတဲ့ ရုရှားကို အီရန်နဲ့ မြောက်ကိုရီးယားတို့က လက်နက်တွေ ပေးပို့မှုပြုလုပ်မှာကိုလည်း အမေရိကန်က စိုးရိမ်နေပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးက ရုရှားရဲ့ ကျူးကျော်စစ်ကို တုံ့ပြန်တဲ့နေရာမှာ ထိရောက်မှုရှိဖို့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုခွင့်ပေးဖို့ မဟာမိတ်အဖွဲ့ကို တောင်းဆိုထားတာ ကြာပြီ ဖြစ်ပါတယ်။
Source-Reuters