Home
နိုင်ငံတကာ
Samsung ကုမ္ပဏီက အလုပ်သမား ၃၀ ရာခိုင်နှုန်း လျှော့ချရန် စီစဉ်
DVB
·
September 13, 2024
Photo-REUTERS / SAMSUNG ELECTRONICS HANDOUT

တောင်ကိုရီးယားရဲ့ အထင်ကရ Samsung Electronics ကုမ္ပဏီက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကို လျှော့ချဖို့ စီစဉ်နေတယ်လို့ အတွင်းသတင်းတွေ ထွက်နေပါတယ်။

စမတ်ဖုန်း၊ တီဗွီနဲ့ မန်မိုရီချစ်ပြားတွေ ထုတ်လုပ်တဲ့ Samsung Electronics ဟာ ကမ္ဘာတဝန်းလုံးက Sales and Marketing ဝန်ထမ်း ၁၅ ရာခိုင်နှုန်းနဲ့ Admin ဝန်ထမ်းကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဒီအစီအစဉ်ဟာ နှစ်ကုန်မှာ စတင် အကောင်အထည်ဖော်မှာဖြစ်ပြီး အမေရိက၊ ဥရောပ၊ အာရှနဲ့ အာဖရိကတို့မှာရှိတဲ့ အလုပ်သမားတွေကို လျှော့ချမှာဖြစ်ပါတယ်။

သတင်းထွက်နေတဲ့အထဲမှာ ဘယ်နိုင်ငံက ဘယ်နှစ်ယောက်ကို အနားပေးမယ် ဆိုတာမျိုးတော့ တိတိကျကျ မသိရသေးပါဘူး။

Samsung ဟာ ထုတ်လုပ်မှုဆိုင်ရာ ဝန်ထမ်းတွေကို လျှော့မှာမဟုတ်ဘဲ ရုံးပိုင်းနဲ့ အရောင်းပိုင်း ဝန်ထမ်းတွေကိုသာ လျှော့ချမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အကုန်က Samsung Electronics မှာ ဝန်ထမ်းပေါင်း ၂၆၇,၈၀၀ ရှိပြီး အဲဒီပမာဏရဲ့ တဝက်ကျော်က နိုင်ငံခြားတိုင်းပြည်တွေမှာ ဖြစ်ပါတယ်။ Sales and Marketing ဝန်ထမ်းတွေကတော့ ၂၅,၁၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

Samsung Electronics ဟာ ပြီးခဲ့တဲ့နှစ် ရောင်းအားက ၁၅ နှစ်အတွင်း အနည်းဆုံး ဖြစ်ခဲ့တာကြောင့် အခုလို ဝန်ထမ်းတွေလျှော့ချဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂလာနေ့က အိန္ဒိနိုင်ငံက အလုပ်သမားတွေ လစာတိုးတောင်းတဲ့ ဆန္ဒပြမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Samsung Electronics ဟာ အိန္ဒိယမှာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၂၁ ဘီလီယံကျော်ရှိပြီး ဆန္ဒပြတဲ့ အိန္ဒိယစက်ရုံက အဲဒီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အကျိုးပြုပါတယ်။

Samsung အနေနဲ့ ဇူလိုင်လတုန်းကလည်း ကိုရီးယားနိုင်ငံမှာ အလုပ်သမား ၃၀,၀၀၀ ကျော် လမ်းပေါ်ထွက် ဆန္ဒပြခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး အလုပ်သမားပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖွေရတော့မှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013