ယူဂန်ဒါနိုင်ငံသူ အိုလံပစ် အားကစားမယ် ရီဘက်ကာ ချက်ပ်တေဂီကို သေဆုံးတဲ့အထိ မီးရှို့ တိုက်ခိုက် သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သူ့ရဲ့လက်တွဲဖော်ဟောင်း ဒစ်ခ်ဆန်အန်ဒေးမား မာရန်ဂက်ခ်ဟာ တိုက်ခိုက်မှုအတွင်း သူပါရသွားခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားပြီလို့ သူတက်ရောက်ကုသခဲ့တဲ့ ဆေးရုံရဲ့ ပြောခွင့်ရက ပြောပါတယ်။
ပါရီအိုလံပစ်ပွဲတော်မှာ မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ချက်ပ်တေဂီဟာ စက်တင်ဘာ ၁ ရက်က သူ့ရည်းစားဟောင်း ဒစ်ခ်ဆန်ရဲ့ ဓာတ်ဆီလောင်း မီးရှို့တာ ခံရလို့ ခန္ဓာကိုယ် ၇၅ ရာခိုင်နှုန်း မီးလောင်အပြီး စက်တင်ဘာ ၅ ရက်မှာ သေဆုံးခဲ့ပါတယ်။
ဒစ်ဆန် ကိုယ်တိုင်ကတော့ သူ့ခန္ဓာကိုယ် ၄၁ ရာခိုင်နှုန်း မီးလောင်ပြီး စက်တင်ဘာ ၉ ရက် ညနေမှာ သေဆုံးခဲ့တာပါ။
သူတို့ ၂ ယောက်စလုံး ကင်ညာနိုင်ငံ အနောက်ပိုင်း အယ်လ်ဒိုရတ်မြို့က မွိုင် သင်ကြားရေးဆေးရုံမှာ တက်ရောက်ကုသရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းကို ကြားချိန်မှာ တရားမျှတမှုကို ရပြီလို့ တွေးရင်း စိတ်သက်သာရာရခဲ့တယ်လို့ ကင်ညာနိုင်ငံ အီတန်မြို့မှာ သင်တန်းဆင်းနေတဲ့ အားကစားသမားတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ကင်ညာနိုင်ငံက အပြေးသမား အဖွဲ့အစည်းအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေကို ထင်ရှားစေခဲ့တာပါ။
ချက်ပ်တေဂီဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ နောက်ပိုင်း ကင်ညာနိုင်ငံထဲမှာ အသတ်ခံရတဲ့ တတိယမြောက် အားကစားအကျော်အမော် ဖြစ်ပါတယ်။
ကင်ညာနိုင်ငံထဲက အမျိုးသမီး အားကစားသမားတွေဟာ သူတို့ရဲ့ ဆုကြေးငွေကို ပစ်မှတ်ထားတာ မကြာမကြာခံရပြီး အကြမ်းဖက်တာနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်တာကို ခံရတဲ့ဘေးတွေ မြင့်နေတာကို ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက သတိပေးခဲ့ပါတယ်။
အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြား ကင်ညာအမျိုးသမီး ၃၄ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကို ခံနေရပြီး လက်ထပ်ထားပြီးသား အမျိုးသမီးတွေက ပိုဘေးများတယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။
Source-Reuters