Home
နိုင်ငံတကာ
Apple ကုမ္ပဏီက iPhone 16 စီးရီး မိတ်ဆက်
DVB
·
September 10, 2024
Photo-Reuters

တရုတ်ကုမ္ပဏီ ဟွားဝေရဲ့ သုံးခေါက်ချိုးဖုန်းက အမှာစာ ၃ သန်းကျော် ရခဲ့ချိန်မှာ Apple ကုမ္ပဏီက ဉာဏ်ရည်တုနည်းပညာ အားဖြည့်ထားတဲ့ iPhone 16 စီးရီးကို မိတ်ဆက်ခဲ့ပါတယ်။

Apple က AI လို့ လုံးဝမသုံးဘဲ Apple Intelligence သာ သုံးစွဲထားတဲ့ နည်းပညာဟာ Siri ဝန်ဆောင်မှုကို ပိုကောင်းလာစေရုံသာမက ဖုန်းကင်မရာက ရိုက်ကူးတဲ့ ပုံတွေအကြောင်း သိနားလည်တာ၊ ဖော်ထုတ်ပေးနိုင်တာမှာပါ အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Apple ဟာ ဖုန်းသစ်နဲ့အတူ နည်းပညာကို တခါတည်းထည့်မပေးနိုင်ဘဲ နောက်လကျမှ အင်္ဂလိပ်ဘာသာစကား အမေရိကန်ဗားရှင်း ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာကျမှ အင်္ဂလိပ်ဘာသာစကား တခြား ဒေသသုံးဝန်ဆောင်မှုတွေ ရမှာဖြစ်ပါတယ်။

တရုတ်၊ ပြင်သစ်၊ ဂျပန်၊ စပိန် စတဲ့ တခြားဘာသာစကားတွေအတွက်တော့ နောက်နှစ်မှ ရမှာဖြစ်ပါတယ်။

iPhone 16 မှာ A18 ချစ်ပ်အသစ်ကို သုံးမှာဖြစ်ပြီး ကျောဘက်က အလူမီနီယမ် ဖြစ်သွားပါတယ်။ ကင်မရာကို ထိန်းလို့ရတဲ့ ဖိရုံတင်မကဘဲ ပွတ်ပြီး ထိန်းချုပ်နိုင်တဲ့ ခလုတ်တခု ပါလာပါတယ်။

iPhone 16 က ၇၉၉ ဒေါ်လာက စမှာဖြစ်ပြီး iPhone 16 Plus ကတာ့ ၈၉၉ ဒေါ်လာက စမှာဖြစ်ပါတယ်။

iPhone 16 Pro နဲ့ Pro Max ကတော့ တိုက်တေနီယမ်နဲ့လာပြီး ချစ်ပ်ကလည်း  ပိုမြန်တဲ့ A18 Pro နဲ့ လာမှာဖြစ်ပါတယ်။

AI စွမ်းဆောင်ရည်လည်း ပိုမြင့်ပြီး ရိုက်ကူးတဲ့နေရာမှာရော၊ အသံတည်းဖြတ်တဲ့နေရာမှာပါ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရောက်အောင် AI က ပံ့ပိုးမှာဖြစ်ပါတယ်။

iPhone 16 Pro က ၉၉၉ ဒေါ်လာက စမှာဖြစ်ပြီး Pro Max က ၁,၁၉၉ ဒေါ်လာက စမှာဖြစ်ပါတယ်။

မျက်နှာပြင်ပိုကျယ်ပြီး ပိုပါးလားတဲ့ Apple Watches Series 10 လက်ပတ်နာရီသစ်တွေနဲ့ AirPods 4 နဲ့ AirPods Pro 2 လည်း မိတ်ဆက်သွားခဲ့ပါတယ်။

AirPods အသစ်တွေမှာ ထူးခြားချက်အနေနဲ့ နားကြားအကူကိရိယာပါ သုံးလို့ရတဲ့ လုပ်ဆောင်ချက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ပစ္စည်းသစ်မိတ်ဆက်ပွဲအပြီးမှာ Apple စတော့ရှယ်ယာစျေးလည်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013