မန်ယူတောင်ပံကစားသမား အန်တိုနီဟာ ဖီနာဘာချီအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။
တူရကီစူပါလိဂ်ရဲ့ အပြောင်းအရွှေ့ကာလက လာမယ့် စက်တင်ဘာ ၁၃ ရက်မှ ပိတ်သိမ်းမှာဖြစ်လို့ ကစားသမားအပြောင်းအရွှေ့တွေ ပြုလုပ်ခွင့်ရှိနေတာပါ။
အန်တိုနီဟာ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ၁ မိနစ်သာ လူစားဝင်ကစားခွင့်ရရှိထားလို့ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဘရာဇီးကစားသမားကို ဖီနာဘာချီနည်းပြ မော်ရင်ညိုက ခေါ်ယူလိုနေပြီး လာမယ့် သောကြောနေ့မတိုင်ခင် အပြောင်းအရွှေ့ဖြစ်မြောက်လာနိုင်ကြောင်း The Sun သတင်းမှာဖော်ပြပါတယ်။
အန်တိုနီဟာ ၂၀၂၂ ခုနှစ်က အိုင်းယက်စ်ကနေ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။ အန်တိုနီကို ခေါ်ယူဖို့ အသင်းဟောင်း အိုင်းယက်စ် အပါအဝင် စပိန်၊ ပြင်သစ်နဲ့ ဆော်ဒီလိဂ်တွေက ကလပ်အသင်းတွေကလည်း ခေါ်ယူလိုနေပါတယ်။