Home
မြန်မာသတင်း
စစ်တွေ၊ ဗျိုင်းဖြူရွာသား ၉၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
DVB
·
September 7, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား ၉၃ ယောက်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာကြောင့် ရွာသား ၂၃၀ ကျော်ကို ထောင် ၃ နှစ်စီချထားပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးတရားစွဲခံထားရတဲ့ ဗျိုင်းဖြူကျေးရွာသားတွေထဲက ၉၇ ယောက်ကို စစ်တွေအကျဉ်းထောင် တရားရုံးမှာ စက်တင်ဘာ ၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ၉၃ ယောက်ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

“ဗျိုင်းဖြူရွာက ဖမ်းဆီးထားတဲ့အထဲက ကျန်ရှိနေသေးတဲ့ ၉၇ ယောက်ကို မနေ့က ရုံးထုတ် စစ်ဆေးခဲ့တာရှိတယ်။ ၉၃ ယောက်ကတော့ ၁၇(၁)နဲ့ ထောင် ၃ နှစ်ချမှတ်ခံလိုက်ရတယ်။ ကျန် ၄ ယောက်ကတော့ ပြစ်မှုမထင်ရှားတာကြောင့် လွတ်မြောက်သွားတယ်” လို့ပြောပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း ဖမ်းဆီးထားတဲ့ ဗျိုင်းဖြူကျေးရွာသား ၁၄၁ ယောက်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်ခဲ့ပါတယ်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်က မေ ၂၉ ရက်က ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပြီး ကျေးရွာသား ၈၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို ကျေးရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးတရားစွဲခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကျေးရွာသား ၃၀၀ ကျော်အထဲက ၂၃၄ ယောက်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ကျန် ၆၀ ကျော်ကတော့ စစ်ကြောရေးမှာ စစ်ဆေးပြီးချိန်မှာ လွတ်မြောက်ခဲ့သလို ပြစ်မှုမမြောက်ဘူးလို့ တရားရုံးက အမိန့်ချမှတ်လိုက်တာ ကြောင့် အသီးသီးလွတ်မြောက်လာခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တွေမြို့မှာ စစ်ကောင်စီတပ်က ဧည့်စာရင်းကိစ္စအကြောင်းပြပြီး အရပ်သားတွေကို နေ့တိုင်းဖမ်းဆီးနေသလို ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ငွေညှစ်နေတယ်လို့ စစ်တွေမြို့ခံတွေ ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024