ဘဏ်ချေးငွေယူပြီး ငွေမကျေသေးသူတွေအနေနဲ့ အတိုးတွေ တက်လာလို့ အခက်ကြုံနေကြရတယ်လို့ ဘဏ်ချေးငွေယူထားတဲ့ ပြည်သူတွေထံက သိရပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး ဘဏ်တွေရဲ့ အတိုးနှုန်းကို ချေးငွေဆိုရင် ၁၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကကြေညာထားတဲ့အတွက် ဘဏ်ချေးငွေ ယူထားသူတွေ၊ ဘဏ်ကနေ အရစ်ကျစနစ်နဲ့ပစ္စည်း ဝယ်ယူထားသူတွေအနေနဲ့ ထပ်ဆောင်းအတိုး ပိုမိုပေးရမှာဖြစ်တဲ့အတွက် အတိုးတွေ တက်လာလို့ အခက်ကြုံနေကြရတာပါ။
ဧရာဝတီဘဏ်မှာ အိမ်အရစ်ကျ ဝယ်ယူထားသူတဦးက “Home Loan Promotion Period ရှိတုန်းက ဘဏ်ကနေ ချေးငွေယူပြီး ဝယ်ထားမိလို့ အရင်က အတိုး ၇ သိန်းပေးနေရတာကို အခု ၁၀ သိန်းလောက် ပေးရတော့မယ်။ ဒါတောင် ပရိုမိုးရှင်းနဲ့ ဝယ်ထားတာဖြစ်လို့တဲ့။ နို့မို့ဆိုရင် ၁၂ သိန်းလောက် ဖြစ်မယ် ပြောတယ်။ ၁ ရက်နေ့က လက်ကျန်သွင်းရမယ့် ကာလမှာ ဗဟိုဘဏ် သတ်မှတ်ချက်အတိုင်း အတိုးပေးဆောင်ရမယ်ဆိုပြီး ဘဏ်ကနေ အကြောင်းကြားတယ်။ အရင်းဆပ်တာနဲ့ အတိုးနဲ့ပေါင်းရင် အတော်ရုန်းကန်လာရတယ်” လို့ ပြောပါတယ်။
ဘဏ်အပ်ငွေ၊ ချေးငွေ အတိုးနှုန်းတွေအပေါ် ၉ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကို ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်မှာ ကြေညာခဲ့ကာ စက်တင်ဘာ ၁ ရက်မှာ ပြောင်းလဲလိုက်တဲ့ အတိုးနှုန်းအတိုင်း ကောက်ခံမယ်လို့ အသိပေးခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြင်ဆင်လိုက်တဲ့ ချေးငွေတွေရဲ့ အတိုးနှုန်းထဲမှာ နိုင်ငံရဲ့ မူဝါဒအရ ထုတ်ချေးပေးနေတဲ့ အထူးချေးငွေတွေကတော့ အတိုးနှုန်း ပြောင်းလဲမှာမဟုတ်ဘဲ လူပုဂ္ဂိုလ် တယောက်ချင်းအလိုက် ချေးငွေတွေအတွက် အတိုးနှုန်းတိုးမြှင့်တာလို့ ဆိုပါတယ်။
ဘဏ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက “ချေးငွေယူတဲ့သူတွေ နာမယ်၊ ငွေစုမယ့်သူတွေ အတိုးပိုရမယ် ဆိုတဲ့ သဘောပေါ့။ ဒါက နှစ်တိုင်း ဗဟိုဘဏ်ရဲ့ ပြောင်းလဲမှုအပေါ်ကို ပုဂ္ဂလိကဘဏ်တွေက လိုက်လုပ်ရတာ ဖြစ်တယ်။ ဒီနှစ်ကတော့ ချေးငွေသမားတွေ ပိုထိမယ်။ ကုန်ဈေးနှုန်းက တက်တယ်။ အစစအရာရာ ဈေးကြီးတဲ့ကြားက သူတို့ယူထားတာတဲ့ အတိုးနှုန်းတွေကပါ လိုက်တက်လာတော့ နင့်နေအောင် ခံကြရမှာ”လို့ သုံးသပ်ပြပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တိုးနှုန်းတွေကို ၂၀၂၂ ခုနှစ်မှာ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး ၉ လအကြာမှာ ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကာ အခု ၁၅ ရာခိုင်နှုန်းအတွင်းလို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။