Home
မြန်မာသတင်း
မန္တလေးနန်းတွင်းတိုက်ခိုက်ခံရမှုတွင် စစ်တပ်အရာရှိ ၃ ဦး အပါအဝင် ၇ ဦးသေဆုံး
DVB
·
September 4, 2024

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ နန်းတွင်းထဲကို စက်တင်ဘာ ၃ ရက် မနက် ၄ နာရီဝန်းကျင်က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အရာရှိ ၃ ယောက် အပါအဝင် ၇ ယောက် သေဆုံးတယ်လို့ Brave Warriors For Myanmar (BWM) က စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

Shadow Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “နန်းတွင်းထဲကနေ သတင်းအတိအကျ ပေးပို့လာတဲ့ စာရင်းအရဆိုရင် အရာရှိ ၃ ယောက်နဲ့ အခြားအဆင့် ၄ ယောက်၊ စုစုပေါင်း ၇ ယောက်သေတယ်လို့ သိရတယ်။ အရာရှိ ၃ ယောက်က ဒုကာချုပ်စိုးဝင်းရဲ့ PSO ဗိုလ်မှူးကြီးတယောက် အပါအဝင်ပေါ့” လို့ DVB ကို ပြောပါတယ်။

ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မန္တလေးနန်းတွင်းထဲကို အဝင်အထွက်အားလုံး ပိတ်ဆို့ထားပြီး နေပြည်တော်ကနေ ရောက်ရှိလာတဲ့ စစ်ဆေးရေးအဖွဲ့က လပခ  တပ်ဖွဲ့ဝင်တွေကို အထူးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုပြုလုပ်ချိန်ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ နန်းတွင်းထဲကို အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင်စိုးဝင်း ရောက်ရှိနေချိန် ဖြစ်တယ်လို့လည်း Shadow Mandalay အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“လပခထဲက စစ်ရေးပစ်မှတ် ၅ နေရာထိတယ်၊ အပျက်အစီးများတယ်။ စစ်ဆေးရုံ၊ စစ်မြေပြင် ဆေးတပ်ရင်း၊ စည်းရုံးရေးသင်တန်းကျောင်းနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းရုံးတွေကို ထိလို့ ဒဏ်ရာရတဲ့သူ ၂၀ နဲ့ ၃၀ ကြားရှိတယ်လို့ သိရတယ်။ တရုတ်နဲ့ပေါင်းလုပ်နေတဲ့ အကြီးစား Drone Center လည်း ပျက်စီးသွားတယ်။ အခုမစ်ရှင်က နန်းတွင်းထဲကို စိုးဝင်း ရောက်နေတာကို ဖရဲသီးတွေဆီက သတင်းပေးလို့ ဆောင်ရွက်ဖြစ်သွားတာပါ။ လပခ ထဲက စိုးဝင်း တည်းနေတဲ့ အဆောက်အဦနားကိုလည်း ဒုံးတလုံးကျတယ်။ အဲဒီကောင် ဘာမှမဖြစ်ဘူး။ ညတွင်းချင်း နေပြည်တော်ကို ပြန်ပြေးသွားတယ်” လို့ ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီး အခုတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။  

စစ်ကောင်စီတပ်စွဲထားတဲ့ မန္တလေးနန်းတွင်းကို စက်တင်ဘာ ၃ ရက် မနက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် ပတ်ဝန်းကျင်က လူနေအိမ်တချို့ ထိခိုက်ခဲ့ပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် တွေ သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013