Home
မြန်မာသတင်း
ကနီတွင် မင်းကင်းပျူရွာမှ ထွက်ပြေးလာသည့် စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံ
DVB
·
September 1, 2024

စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက ပျူရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ ပြည်သူတွေ စားဝတ်နေရေးနဲ့ သောက်သုံးရေ အခက်တွေ့နေတယ်လို့ စစ်ဘေးရှောင်ကူညီသူများဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်ရတဲ့ ပြည်သူအများစုဟာ စစ်တပ် ထောက်ခံတဲ့ ပန်းဆက်ရွာ၊ တောင်ဖြူရွာ၊‌‌‌ ကျောက်ခဲတက်ရွာ၊ သင်တောတောတိုက်က ပြည်သူအများစု ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ကျမတို့ နေရပ်စွန့်ခွာလာရတာ ၃ နှစ်ပြည့်ပါပြီ။ ကျမတို့ ရွာလည်း ပြန်လို့မရဘူး၊ တောင်ယာလုပ်ငန်းလည်း ပြန်လုပ်လို့မရဘူး။ အားလုံးကို ပစ်ထားပြီး ထွက်ပြေးခဲ့ရတာ။ အခုရောက်နေတဲ့ ဒေသခံတွေရဲ့ ယာခင်းတွေမှာ နေ့စားလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်။ နေ့တိုင်း အလုပ်မရှိဘူး၊ မိသားစုကလည်း များတော့ ပိုပြီး အဆင်မပြေတာပေါ့။ ရွာလည်း ပြန်လို့မရဘူးလေ။ သူတို့က NLD ပါတီထောက်ခံသူတွေ ရွာထဲမှာရှိရင် သတ်ပစ်တာ။ နေလို့မရလို့ အခုလို ထွက်ပြေးခဲ့ရတာ။ အခုရောက်နေတဲ့ နေရာက ကနီမြို့နယ် တောတွင်း တနေရာမှာ နေရတယ်။ စားဝတ်နေရေး ခက်ခဲသလို သောက်‌သုံးရေကလည်း ချောင်း၊ မြောင်းတွေထဲက ရေတွေကိုပဲ သောက်သုံးနေရတယ်။ ဒုက္ခရောက်တာကတော့ ပြောကို မပြောချင်တော့ပါဘူး။ ကူညီပေးနိုင်သူများ ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စု ၉၀ နီးပါး ဖြစ်တယ်လို့ ကနီမြို့နယ်  စစ်ဘေးရှောင် ကူညီသူတယောက်က ပြောပါတယ်။

“ရပ်ရွာကနေ သူတို့ကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်သလောက် ကူညီပေးနေကြရတယ်။ ဒါပေမဲ့ ရက်၊ လ၊ နှစ်တွေကလည်း ကြာလာတာက တကြောင်း၊ ကုန်ဈေးနှုန်းတွေက အဆမတန် တက်လာတာက တကြောင်းဆိုတော့ အားလုံး ခက်ခဲကုန်ကြရတာ။ ပြည်ပ ကူညီမှုတွေကလည်း သိပ်မလာဘူး။ ကျနော်တို့ ဒေသတွင်းက ပြည်သူအချင်းချင်း မျှဝေစားသောက်ရတာပေါ့။ ကူညီမှုတွေလည်း များများလိုအပ်တယ်” လို့ ပြောပါတယ်။

လက်ရှိကာလဟာ မိုးရာသီဖြစ်တာကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရာသီတုပ်ကွေး ဖြစ်နေကြပြီး ဆေးဝါးမလုံလောက်တာ၊ ဆရာဝန် မရှိတာကြောင့် မိရိုးဖလာ ဒေသတွင်းက တတ်သိနားလည်သူတွေနဲ့သာ ဆေးကုသနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013