Home
မြန်မာသတင်း
မြန်မာ အပါအဝင် ၁၀ နိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ ကုလ ထောက်ပံ့
DVB
·
September 1, 2024
Photo - Reuters

ကုလသမဂ္ဂအဖွဲ့ကြီးဟာ မြန်မာနိုင်ငံအပါအဝင် အာဖရိက၊ အမေရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ ရန်ပုံငွေမပြည့်မီတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ၁၀ ခုကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ သန်း ၁၀၀ ထုတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က  သြဂုတ် ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

OCHA မှ စီမံခန့်ခွဲတဲ့ ကုလသမဂ္ဂဗဟို အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေမှ ထုတ်ပေးခဲ့တာဖြစ်ပြီး ဒီရန်ပုံငွေရဲ့ ၃ ပုံ ၁ ပုံကျော်ကို ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ရောဂါတွေနဲ့ ရာသီဥတု ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေကြရတဲ့ ယီမင်နိုင်ငံနဲ့ အီသီယိုးပီးယားနိုင်ငံတွေရှိ အကူအညီပေးရေးလုပ်ငန်းတွေမှာ လည်ပတ်သုံးစွဲမှာဖြစ်ကြောင်း OCHA မှ ပြောရေးဆိုခွင့်ရှိသူ ယန်စ်လယ်ရ်ကဲက ပုံမှန် သတင်းရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ရန်ပုံငွေမှ အကျိုးအမြတ်ရရှိမယ့် နိုင်ငံတွေမှာ ယီမင်နိုင်ငံက ဒေါ်လာ သန်း ၂၀ နဲ့ အီသီယိုးပီးယားက ဒေါ်လာ ၁၅ သန်း၊ မြန်မာနိုင်ငံက ဒေါ်လာ ၁၂ သန်း၊ မာလီနိုင်ငံက ဒေါ်လာ ၁၁ သန်း၊ ဘူရ်ကီနာဖာဆိုက ဒေါ်လာ ၁၀ သန်း၊ ဟေတီနိုင်ငံက ဒေါ်လာ ၉ သန်း၊ ကင်မရွန်းနိုင်ငံက ဒေါ်လာ ၇ သန်းနဲ့ မိုဇမ်ဘစ်နိုင်ငံက ဒေါ်လာ ၇ သန်းတို့အပြင် အယ်လ်နီနိုဒဏ်ခံ ဘူရွန်ဒီနိုင်ငံအတွက် ဒေါ်လာ ၅ သန်းနဲ့ မာလာဝီနိုင်ငံက ဒေါ်လာ ၄ သန်း အသီးသီး ရရှိမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ပြောရေးဆိုခွင့်ရှိသူ ယန်စ် လယ်ရ်ကဲက “ဒီနှစ် ပေါင်းပြီးရကြတဲ့ ဒေါ်လာ သန်း ၂၀၀ ဟာ အရင် ၂ နှစ်ထက်စာရင် နည်းနေသေးတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ရန်ပုံငွေ ထောက်ပံ့မှုအကြားက ကွာဟချက် ကြီးထွားလာနေပြီးတော့ အရေးပေါ်ရန်ပုံငွေက ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဒီရန်ပုံငွေဟာ ဖေဖော်ဝါရီလက ဒေါ်လာ သန်း ၁၀၀ ခွဲဝေပေးခဲ့အပြီးမှာ နောက်ထပ် ငွေကြေး မလုံလောက်တဲ့ အရေးပေါ်အခြေအနေတွေအတွက် နိုင်ငံ ၇ နိုင်ငံကို ပံ့ပိုးကူညီတာ ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအတွင်းရေးမှူးချုပ် ဖြစ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး ဂျွိုက်စ်မဆူယာက အသက်ကယ် အကူအညီလိုအပ်နေသူတွေဆီ ရန်ပုံငွေတွေရောက်ရှိဖို့ လုပ်ဆောင်နေတဲ့ အေဂျင်စီတွေကို ဟန့်တားနေကြတာတွေကလည်း အလွန်ဝမ်းနည်းစရာကောင်းကြောင်းနဲ့ ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေမှ ပိုက်ဆံဟာ နောက်ဆုံးအားကိုးရာဖြစ်ပြီး ကမ္ဘာ့ရန်ပုံငွေမပြည့်မီတဲ့ အကျပ်အတည်းအတွက် အလှူရှင်တွေရဲ့ အာရုံစိုက်မှုကို တိုးမြှင့်ပြီးတော့ စဉ်ဆက်မပြတ် ရရဖို့လည်း လိုအပ်နေကြောင်းလည်း ယန်စ် လယ်ရ်ကဲက ထပ်လောင်းပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013