Home
မြန်မာသတင်း
မတ်ပဲ၊ ပဲစင်းငုံဈေး ကျရိပ်ပြ
DVB
·
August 29, 2024
beans_29082024

ပြည်တွင်း ဒေါ်လာဈေး ပြန်ကျဆင်းနေတဲ့အပြင် FOB အဝယ်ဈေးနှုန်းတွေလည်း အကျဘက်ကို သွားနေတာကြောင့် ပြည်တွင်းမတ်ပဲ နဲ့ ပဲစင်းငုံနီ ဈေးတွေလည်း ပြန်ကျရိပ်ပြလာပါတယ်။

မတ်ပဲက ရန်ကုန်ဈေးကွက်မှာ ဩဂုတ် ၂၇ ရက်က တတန်ကို ငွေကျပ် ၃,၉၂၅,၀၀၀  ထိ အမြင့်ဆုံးဈေးတန်းဖြစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်မှာတော့ ၃,၈၈၅,၀၀၀ ကို  ဈေးပြန်ဆင်းလာပါတယ်။

ဈေးကွက်ထဲ လက်ကျန်နည်းပြီးဆက်တိုက်‌အတက်ရှိခဲ့တဲ့ ပဲစင်းငုံကလည်း ဩဂုတ် ၂၈ ရက်က ငွေကျပ် ၅၁ သိန်း အထက်ထိ စံချိန်တင်အမြင့်ဈေးတန်းကို ရောက်ခဲ့ပြီး ဒီကနေ့မှာ ကျပ်သိန်း ၅၀ ဝန်းကျင်ကို ပြန်ကျဆင်းလာပါတယ်။ တရက်အတွင်း ပဲစင်းငုံ တတန်ကို ငွေကျပ် ၈၀,၀၀၀ ခန့် ပြန်ကျဆင်းလာတာပါ။

ပဲကုန်သည်တယောက်က “မတ်ပဲ နဲ့ ပဲစင်းငုံနီရဲ့ FOB ဈေးနှုန်းတွေက ကျနေတယ်။ ဈေးတွေကတော့ မငြိမ်ဘူး။ဒေါ်လာဈေး အတက်အကျအပေါ်မူတည်တယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း ဗဟိုဘဏ်က ဒေါ်လာသန်း ရာချီ ထုတ်ရောင်းပြီးတဲ့နောက် တောက်လျှောက်ပြန်ကျနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လလယ်ပိုင်းမှာ  ကျပ် ၇,၀၀၀ အထိ ရောက်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ပြင်ပ ပေါက်ဈေးက ဒီကနေ့မှာ ငွေကျပ် ၅,၆၀၀ ဝန်းကျင်အထိ ပြန်ကျဆင်းနေပါတယ်။

မတ်ပဲ နဲ့ ပဲစင်းငုံနီ FOB ဈေးနှုန်းတွေကလည်း ဆက်တိုက်ကျဆင်းနေပါတယ်။ လက်ရှိမှာ မတ်ပဲ FOB ဈေးနှုန်းက တန်ကို ၈၆၀ ကနေ ၈၇၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ပဲစင်းငုံနီ FOB ဈေးနှုန်းကတော့ တတန်ကို ၁,၀၇၅ ကနေ ၁,၀၈၅ ဒေါ်လာ ပေါက်ဈေးရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် တတိယပတ် ပေါက်ဈေးတွေနဲ့ ယှဉ်ရင် မတ်ပဲက တတန်ကို ၃၅ ဒေါ်လာ ဈေးကျဆင်းလာပြီး ပဲစင်းငုံနီ FOB ဈေးနှုန်းကတော့ တတန်ကို ၇၅ ဒေါ်လာ ဈေး ကျဆင်းသွားခဲ့ပါတယ်။

အခုနှစ်မှာ အိန္ဒိယရဲ့ မိုးစိုက်ပဲဧရိယာ တိုးလာပေမဲ့ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့ကျနေဆဲ အခြေအနေ ဖြစ်တာကြောင့် မတ်ပဲက ရေရှည်မှာ ဈေးကွက်လိုအပ်ချက် ရှိနိုင်သေးတယ်လို့ အိန္ဒိယ သတင်းတွေရဲ့ အဆိုအရ သိရပါတယ်။ 

ဒါပေမဲ့ လတ်တလောမှာတော့ အိန္ဒိယပြည်တွင်းဈေးကွက်ထဲကို မတ်ပဲ အသစ်တွေ အဝင်ရှိ‌နေတာကြောင့် ဈေးအကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။

ပဲစင်းငုံကလည်း အိန္ဒိယမှာ ပဲစိုက်ဧက တိုးလာတဲ့အပြင် အိန္ဒိယက မြန်မာနိုင်ငံ‌ ဈေးကွက်အပြင် တခြားအာဖရိကဈေးကွက်ကလည်း ဝယ်ယူတင်သွင်းနေပါတယ်။

လက်ရှိ မြန်မာပြည်တွင်း ပဲမျိုးစုံဈေးကွက်ထဲမှာတော့ မတ်ပဲရော ပဲစင်းငုံပါ လက်ကျန်နည်းနေပြီး ပြည်တွင်းအထွက်နှုန်းအနေနဲ့ကလည်း ဒေသတွင်း မတည်ငြိမ်တာ၊ သွင်းအားစု၊ လောင်စာဆီနဲ့ လုပ်သားခ ဈေးနှုန်းတွေ ကြီးမြင့်နေတာက ပြည်တွင်းပဲအထွက်နှုန်းကို လျော့နည်းစေခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013