Home
နိုင်ငံတကာ
ဘာကီနာဖာဆိုနိုင်ငံတွင် ဂျီဟတ်ဝါဒီများက လူပေါင်းရာချီ သတ်ဖြတ်
DVB
·
August 28, 2024
Photo - Reuters

အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဘာကီနာဖာဆိုနိုင်ငံ ဘာဆာလာဂို မြို့ပတ်လည်မှာ ဩဂုတ် ၂၄ ရက်က ကတုတ်ကျင်းတူးနေသူတွေကို ဂျီဟတ်ဝါဒီတွေလို့ သံသယရှိသူတွေက ပစ်ခတ် သတ်ဖြတ်ခဲ့လို့ လူပေါင်း ရာချီ သေဆုံးကုန်တယ်လို့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ စကားပြောဆိုဖြစ်ခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ၅၀၀ ထက် ပိုများနိုင်တယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တခုက ပြောကြားခဲ့ပြီး  ရာနဲ့ချီတဲ့ ဒဏ်ရာရသူတွေကို တောင်ဘက် ကီလိုမီတာ ၄၀ အကွာရှိ ကာယားမြို့ရှိ ကျန်းမာရေးဌာနတွေဆီ  ရွှေ့ပြောင်းပေးပါတယ်။ 

ဘာကီနာဖာဆိုစစ်တပ်ဟာ သောင်းကျန်းသူတွေကို ဟန့်တားဖို့အတွက်ဆိုပြီး ဘာဆာလာဂို မြို့ခံတွေကို သူတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ရပ်ခိုင်းထားပြီး မြို့ပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေတူးဖို့ အတင်းအကျပ် ဖိအားပေး ခိုင်းစေခဲ့တယ်လို့လည်း သိရပါတယ်။ 

ဂျီဟတ်ဝါဒီတွေ လာတိုက်ခိုက်ချိန်မှာ မြို့ပြင်ဘက်မှာ လူပေါင်းရာနဲ့ချီ ဆန္ဒမရှိဘဲ ကတုတ်ကျင်းတူးနေရကြောင်းလည်း ကာယားမြို့ရှိ ဒဏ်ရာရသူ အများအပြားရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ‌သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာရ စစ်အစိုးရက ဘာဆာလာဂို မြို့ပြင်မှ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်တဲ့ အဲဒီအကြမ်းဖက်မှုကို ရှုတ်ချခဲ့ပေမဲ့ လူဘယ်လောက် သေဆုံးခဲ့တယ် ဆိုတာကို မပြောခဲ့ပါဘူး။

နော်ဝေဒုက္ခသည်များကောင်စီရဲ့ အတွင်းရေးမှူးချုပ် ယန်အယ်ဂလန်က အခု ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး တိုးပွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေရဲ့ ဗဟိုချက်ဟာ ဘာကီနာဖာဆိုရဲ့ မြောက်ပိုင်းက ဘာဆာလာဂိုမှာ ရှိနေတယ်လို့ ပြောပါတယ်။

ဒီလူတွေရဲ့ အနိမ့်ဆုံး လိုအပ်ချက်တွေကိုတောင် ဖြည့်ဆည်းပေးဖို့ အလုံအလောက် မရှိဘူးလို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ စခန်းပြင်ပက လူတွေကိုလည်း အကာအကွယ်ပေးနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက အနီးနားက တိုက်ခိုက်မှုတွေကြောင့် သူတို့တွေဟာ စခန်းမှာတောင် ကြောက်ရွံ့နေကြတယ်လို့ ပြောပြပါတယ်။

ဂျီဟတ်ဝါဒီ တိုက်ခိုက်သူတွေဟာ အယ်လ်ကိုင်ဒါနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့တွေနဲ့ ဆက်နွှယ်နေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်ကတည်းက အိမ်နီးချင်း မာလီနိုင်ငံကနေ  ဘာကီနာဖာဆိုနိုင်ငံထဲကို ရွှေ့ပြောင်းလာကြကာ ၂၀၂၂ ခုနှစ်မှာ ဆာဟဲလ်နိုင်ငံကို အာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ပွားစေခဲ့တဲ့ လုံခြုံရေး အကျပ်အတည်းထဲကို တွန်းပို့ခဲ့ကြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024