ဘာကီနာဖာဆိုရဲ့ အာဏာသိမ်းမှု ပထမဆုံး နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၂၉ ရက်မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေဟာ မြို့တော် ဝါဂါဒူးဂူရဲ့ နိုင်ငံတော်ပြည်သူ့ရင်ပြင်မှာ စုဝေးခဲ့ကြပြီး ဘာကီနာဖာဆို စစ်အာဏာရှင် ခေါင်းဆောင် ယာယီသမ္မတ အီဘရာဟင်မ် ထရာအိုရေး က လုံခြုံရေး အခြေအနေအရ စိတ်ချရမှသာ ကတိပြုထားတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးသွားမယ် လို့ ပြောကြားလိုက်ပါတယ်။
မြို့တော် ဝါဂါဒူးဂူ၊ ဘူဂူရီဘာနဲ့ ပတ်ဝန်းကျင် မြို့အနည်းလောက်မှာပဲ စုစည်းကျင်းပမယ့် ရွေးကောက်ပွဲမျိုး မဟုတ်ဘဲ ဘာကီနာဘေး ပြည်သူတွေအားလုံးက သူ့တို့ရဲ့သမ္မတကို ရွေးချယ်ရမှာ ဖြစ်ကြောင်း ဘာကီနာဖာဆို စစ်အာဏာရှင်ခေါင်းဆောင် ထရာအိုရေး က ပြောပါတယ်။
သမ္မတ ဝင်အရွေးခံဖို့ လျှောက်ထားမယ့်သူ အားလုံးဟာ မဲဆွယ်စည်းရုံးရေး ကိစ္စတွေ အပါအဝင် ဘာကီနာပြည်သူတွေအတွက် ဘာကီနာရဲ့ ဘယ်နေရာ ဘယ်ဒေသကိုမဆို သွားရောက်နိုင်ရမှာ ဖြစ်တာကြောင့် မလွှဲမရှောင်သာပဲ လုံခြုံရေးကို စိတ်ချရအောင် အရင်လုပ်ရမယ် လို့လည်း ဆိုပါတယ်။
ဘာကီနာဘေး ပြည်သူတွေအားလုံး ဂုဏ်သိက္ခာရှိရှိနဲ့ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ လုံခြုံရေး အတွက် အာမခံပြီးတာနဲ့ လူတွေဟာ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်၊ သူတို့လိုရာကို သွားနိုင်မယ်၊ မဲဆွယ်စည်းရုံးမှုတွေ လုပ်လာနိုင်မယ်လို့လည်း သူက ပြောပါတယ်။
ယာယီသမ္မတ အီဘရာဟင်မ် ထရာအိုရေး ဟာ မနှစ်က စက်တင်ဘာ ၃၀ ရက်မှာ အာဏာသိမ်း ခဲ့တာပါ။
အဲဒီမတိုင်ခင် ၈ လလောက် အလိုက ဘာကီနာဖာဆိုမှာ အယ်လ်ကိုင်ဒါ၊ အစ္စလာမ္မစ်နိုင်ငံတော် တို့နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် ပြင်းထန်တဲ့ လုံခြုံရေး အကျပ်အတည်းတွေ ရှိနေတဲ့ကြားမှာပဲ သမ္မတ ရော့ခ် ကာဘိုရေး ရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ နောက်ထပ် အာဏာသိမ်း ခေါင်းဆောင်ကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
လူအသေအပျောက်ရှိတဲ့ အကြမ်းဖက်မှုတွေကို ငြီးငွေ့နေပြီး သူတို့ရဲ့အစိုးရကို စိတ်ပျက်နေကြတဲ့ ပြည်သူအများအပြားက အာဏာသိမ်းမှုကို ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမယ့် အနောက်အာဖရိက ဆာဟဲလ်ဒေသမှာ ဒီမိုကရေစီ နောက်ဆုတ်သွားတယ် လို့ မြင်တဲ့ အနောက်နိုင်ငံတွေကတော့ ရှုတ်ချခဲ့ကြပါတယ်။
Source/Photo-Reuters