စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က အမြတ်ငွေထုတ်ပေးမှုကို ယာယီရပ်နားထားတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။
ဦးပိုင်မှာ ရှယ်ယာထည့်ထားတဲ့ တပ်မိသားစုအနေနဲ့ အမြတ်ငွေရရှိငွေ ရရှိရေးအတွက် ဆက်သွယ် မေးမြန်းကြရာမှ အမြတ်ငွေထုတ်ပေးမှုကို ယာယီရပ်နားထားတယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ အငြိမ်းစားအရာရှိတယောက်က DVB ကို ပြောပါတယ်။
“ဦးပိုင်က အမြတ်ငွေ ပြီးခဲ့တဲ့နှစ်က ရတယ်။ ဒါတောင် မနည်းအော်ကြလွန်းလို့ တချို့ မြို့ပြနဲ့ အလှမ်းဝေးတဲ့ တပ်တွေဆို ပေးချင်တဲ့အချိန်ပေးတာ။ ဒီနှစ် ဦးပိုင်အမြတ်ငွေပေးတာကို ယာယီနားထားတယ် ပြောတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် ဦးပိုင်အမြတ်ငွေကို ပုံမှန်မရတော့ဘဲ ၂၀၂၂ ခုအထိသာ ရရှိခဲ့တယ်လို့ တပ်မိသားစုဝင်တယောက်က ပြောပါတယ်။
“၂၀၂၁ မှာ ပုံမှန်ပေးနေကျအချိန်ထက် ၈ လလောက်ကြာပြီးမှပေးတာ၊ ၂၀၂၂ မှာ ၃ လနောက် ကျတယ်၊ ၂၀၂၃ မှာ ၆ လနောက်ကျတယ်၊ ဒီနှစ်တော့ မပေးသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း ဦးပိုင်အမြတ်ငွေရဖို့ တပ်မိသားစုဝင်တွေက လူမှုကွန်ရက်နဲ့ တပ်တွင်းမှာ ပြောဆိုမှုကြောင့် စစ်ကောင်စီက ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို တပ်သားက နေအရာခံဗိုလ်အထိ ၁၅ သိန်း၊ ဒုဗိုလ်ကနေ ဗိုလ်ကြီးထိ သိန်း ၃၀၊ ဗိုလ်မှူးမှ ဗိုလ်မှူးချုပ်အထိ သိန်း ၅၀၊ ဗိုလ်ချုပ်အဆင့်နဲ့အထက် သိန်း ၁၀၀ အထိ သတ်မှတ်ထားပြီး သတ်မှတ်တဲ့ ငွေပမာဏပြည့်မီတဲ့အထိ မဖြစ်မနေ ထည့်ဝင်ရတာပါ။
ဦးပိုင်လီမိတက်ကို ၁၉၉ဝ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တည်ထောင်စဥ်အခါက စစ်တပ်က ၆ဝ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၄ဝ ရာခိုင်နှုန်းပါဝင်ခဲ့ပါတယ်။