ဆူဒန်နိုင်ငံ ပို့ထ်ဆူဒန်မြို့တော်ရဲ့ အနောက်မြောက်ဘက်ရှိ အာဘတ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေတွေတက်လာလို့ ရွာပေါင်း ၂၀ ထက်မနည်း ပျက်စီးသွားပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တဲ့အပြင် ဆူဒန်အရှေ့ပိုင်းမှာ နောက်ထပ် အများအပြား ဖြစ်နိုင်သေးတယ်လို့ ကုလသမဂ္ဂက သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
ပဏာမ အစီရင်ခံစာတွေအရ ဆည်အောက်ဘက်ရှိ ကျေးရွာပေါင်း ၂၀ မှာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးတော့ အစိုးရရုံးတွေ၊ သံရုံးတွေ၊ အကူအညီပေးရေး အေဂျင်စီတွေနဲ့ သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ အခြေစိုက်မြို့တော်မှာ ရေကြီးမှုကြောင့် လူပေါင်း ၅၀၀၀၀ လောက် ရဲ့ နေအိမ်တွေ ထိခိုက်ခဲ့ကြောင်း ဒေသအာဏာပိုင်တွေကို ကိုးကားပြီး ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ဒီအရေအတွက်ဟာ ဆည်ရဲ့အရှေ့ဘက်ဧရိယာကို သွားခွင့်မရှိတာကြောင့် အနောက်ဘက် ဧရိယာအတွက်သာ တွက်ချက်ထားတာဖြစ်ကြောင်းလည်း ဆိုပါတယ်။
အာဘတ်ဆည်ဟာ သြဂုတ် ၂၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်မှ ရေတွေ တက်လာပြီး ပုံမှန်ကာလထက် အများကြီးစောပြီး မိုးသည်းထန်စွာ ရွာချခဲ့တဲ့ရက်တွေအတွင်း ရေကာတာပြိုကျခဲ့ပြီး နုန်းတွေလည်း တင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေနဲ့ ဒေသအာဏာပိုင်တွေဟာ ရေကြီးမှုကြောင့် ရေဘေးသင့်ဒေသတွေမှာ ရေနဲ့ ဓာတ်အားလိုင်းတွေ၊ လမ်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အကဲဖြတ်ဖို့ ခက်ခဲခဲ့ပြီး လာမယ့်ရက်တွေအတွင်း ပျက်စီးမှုအတိုင်းအတာကို ရှင်းလင်းပေးမယ်လို့ ပြောဆိုပါတယ်။
လူတချို့ဟာ ရေမြုပ်နေတဲ့ နေအိမ်တွေမှ ထွက်ပြေးကာ တောင်တွေပေါ် တက်သွားခဲ့ကြပြီး အခု အဲဒီမှာ သောင်တင်နေကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လူ ၁၃၂ ဦး သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၂ ပတ်က ၆၈ ဦးထက် ပိုများလာတယ်လို့ အစိုးရရဲ့ မိုးရာသီ လုပ်ငန်းအဖွဲ့က ပြေပါတယ်။
အခုနှစ် မိုးရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၁၈,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
Source-Reuters