Home
မြန်မာသတင်း
လားရှိုး ခုတင် ၅၀၀ ပြည်သူ့ဆေးရုံ ပြန်လည် လည်ပတ်နေ
DVB
·
August 25, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ရှိ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံတွေနဲ့ MNDAA ဘက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

လားရှိုးဆေးရုံမှာ လက်ရှိ CDM ဆရာဝန်တွေရော လားရှိုးမြို့မသိမ်းခင် လားရှိုးဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်တွေရော အရင်ထက်များတဲ့ ဆရာဝန်တွေနဲ့ ပြန်လည်လည်ပတ်နေပြီလို့ ‌လူနာတွေကို ဆေးရုံ ကူညီပို့ဆောင်‌ပေးနေတဲ့ ‌‌ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ 

“အေး သူတို့က လက်ရှိမှာ သူက PDF အဖွဲ့ ဆရာဝန်တွေရယ်၊ နောက် CDM ဆရာဝန်တွေရယ်၊ နောက်တခုက Non CDM ဆရာဝန်တွေလည်း ပါတယ်။ အရင်တုန်းကဆိုရင် ဒီ ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်တွေရော၊ ဆရာဝန် အရေအတွက်ကတော့ အရင်ထက် များတယ်ပေါ့နော်။ သူတို့ လုပ်တဲ့ ပုံစံကတော့ လောလောဆယ်တော့ နေရာမရှိသေးဘူး။ အပြင်ဆေးခန်းလည်း မရှိတဲ့ အခါကျတော့ အဲ‌တနေရာတည်းဆိုတော့ အရမ်းများတယ်။ ကလေး ဆရာဝန် ရှိတယ်။ အထွေထွေကုရှိတယ်။ နောက် သမားတော် သုံး လေးယောက်လောက် ရှိတယ်ပေါ့နော်။ နောက် ECG တို့ Utrasound တို့ ဓာတ်မှန်တို့လည်း သူ ပြန်ဖွင့်တယ်ပေါ့။ တော်တော်များများတော့ Run နေပြီ။ အရင်ထက်တော့ ပိုပြီးတော့တော့ ဟို လူတွေက ပိုအားကိုးတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆို အဲတနေရာပဲ ရှိတာကို။ သူတို့ဘက်ကလည်း ဟို အားစိုက်တဲ့ ပုံရတယ်ပေါ့နော်။”

လောလောဆယ်တော့ အရင်ရက်တွေထက် ပိုကောင်းလာပြီ ဖြစ်ပြီး ပိုက်ဆံပေးရတာမျိုး မရှိဘဲ အလှူငွေပဲ ပေးရကြောင်း၊ ဆရာဝန်တွေလည်း ပိုများလာကြောင်း၊ လူနာတွေ ထပ်ထပ် ရောက်လာနေတာတွေ့ရပြီး တခြား ဆေးရုံ၊ ဆေးခန်း တွေ မရှိဘဲ ဆေးရုံကြီး တနေရာပဲ ရှိတာကြောင့် လူအရမ်းများလို့ ပုံစံတော့ သိပ်မကျသေးဘူးလို့ သူက ပြောပါတယ်။ 

လားရှိုး ဆေးရုံကြီးကို ဩဂုတ် ၁၁ ရက်ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပြီဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုး ဘာသာမရွေး အားလုံး လာရောက်ပြီးတော့ ကုသမှုသမှု ခံယူနိုင်‌ကြောင်း၊ လားရှိုး ပြည်သူ့ဆေးရုံကို ခေတ်မီဆေးဝါးနဲ့  စက်ပစ္စည်း ကိရိယာတွေ ထပ်ဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ရဇမ်းပြည်နယ်၊ အထူးဒေသ ၁ ကျန်းမာရေးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဘသက်က ‌MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

လားရှိုးဆေးရုံကြီး ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် လက်ရှိ လားရှိုးဆေးရုံမှာ CDM ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး အလုပ်ခေါ်ယူနေတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

“လောလောဆယ်က အဲဒီမှာ ဆေးရုံမှာ သူတို့ ဝန်ထမ်း ခေါ်တာလေနော် CDM လုပ်တဲ့ လူတွေကို ဦးစားပေးပြီး ခေါ်နေတယ်။ တလကို ၉ သိန်းကနေ ၁၅ သိန်း အထိ ပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုအချိန်တော့ CDM တွေကို ဦးစားပေးတယ်တဲ့။ လာလျှောက်တဲ့ သူတွေ အရမ်းများတယ်လို့လည်း ပြောတယ်။” 

လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ပေးနေတဲ့ သူနာပြု၊ ဆရာဝန်တွေကတော့ CDM ကျန်းမာရေး ဝန်ထမ်းတွေ အများစုဖြစ်ပြီး လက်ရှိမှာ‌တော့ အရေးပေါ် ထိခိုက်ရှနာလူနာတွေအပါအဝင် သား ဖွား မီးယပ်၊ သွေးနဲ့ဆီးစစ်တာတွေ၊ ဓာတ်မှန် နဲ့ Ultrasound ရိုက်တာတွေ၊ OG ရိုးရိုးနဲ့ ခွဲစိတ် တာတွေ လက်ခံကုသပေးနေတဲ့အပြင် TB ဆေး နဲ့  ART ဆေးတွေလည်း လာရောက်ထုတ်ယူနိုင်ပြီလို့ ဆိုပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024