Home
မြန်မာသတင်း
ပြည်ပထွက်ခွာခွင့် တင်းကျပ်မှုကို အကြောင်းပြုပြီး ငွေလိမ်လည်သူများရှိနေ
DVB
·
August 22, 2024

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်မှုတွေ လုပ်လာတာနဲ့အမျှ အစစ်အဆေးမရှိ ပြည်ပထွက်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ငွေလိမ်လည်တာတွေ ရှိလာတယ်လို့  ပြည်ပအလုပ်သမားအရေး နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက အသက် ၂၃ ကနေ ၃၂ အထိ အမျိုးသားတွေကို အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်(PJ)နဲ့ ပြည်ပထွက်ခွာခွင့် တားမြစ်ထားသလို အခုနောက်ပိုင်းအလည်အပတ် အမျိုးအစား နိုင်ငံကူးလက်မှတ် (PV) နဲ့ ပြည်ပထွက်မယ့် လူငယ်အမျိုးသား/ အမျိုးသမီးတွေကို ပါစစ်ဆေးကြပ်မတ်ပြီး သံသယရှိသူတွေကို ထွက်ခွာခွင့်မပေးတာ ရှိနေတာလို့ ဆိုပါတယ်။

အဲဒီလို တင်းကျပ်မှုတွေရှိလာပြီးနောက် ပြည်ပထွက်ခွင့်ရအောင်လုပ်ပေးမယ်ဆိုပြီး ငွေလိမ်လည်သူတွေရှိလာ​နေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တဦးက “တကယ်လုပ်ပေးတဲ့သူ မရှိဘူးလို့တော့ မပြောနိုင်ဘူး။ ပြန်ကြားရသလောက်ကတော့ အလိမ်တွေများတယ်။ လမ်းကြောင်းရှင်း ပေးမယ်ဆိုပြီး ငွေလိမ်တောင်းတာ။ သိန်းဆယ်ဂဏန်းလောက်ပေါက်တယ်။ စရန်ငွေယူပြီးတာနဲ့ အဆက်သွယ်ဖြတ်လိုက်တယ်"လို့ ပြောပါတယ်။

ငွေလိမ်လည်သူတွေအနေနဲ့ လေဆိပ်ကနေ ပြည်ပထွက်ခွင့်ကိုတင်မကဘဲ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC)ကိုလည်း သင်တန်းတက်စရာမလိုဘဲ လုပ်ပေးမယ်ဆိုကာ လိမ်လည်မှုတွေရှိခဲ့တယ်လို့  အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတချို့က ဆိုပါတယ်။

ပြည်ပထွက်ခွာဖို့ပြင်ဆင်နေသူတဦးက "အသိတယောက်ဆို ပြည်ပထွက်ခွင့် ကန့်သတ်ခံထားရတဲ့ အသက်အပိုင်းခြားထဲပါနေလို့ OWIC ကတ်လုပ်မရဘူး။ ပွဲစားက ရတယ်ဆိုလို့ အပ်လိုက်တာကတ် အတုနဲ့မိပြီး ငွေကုန်တာပဲ အဖတ်တင်သွားတယ်"လို့  ပြောပါတယ်။

အခုလို စစ်ကောင်စီကြောင့် ပြည်ပထွက်ခွင့်ရဖို့ခက်ခဲနေတဲ့ပြည်သူတွေကို ငွေထပ်လိမ်လည် လုပ်စားနေတာဟာ မဖြစ်သင့်ဘူးလို့ လည်း ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ အသည်းအသန်စုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခိုင်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် လူငယ်အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေပါ အခက်ကြုံနေ ကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013