မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ဟင်္သာကျေးရွာ ပျူစောထီးစခန်းကို ၁၀ ရက်ကျော်ကြာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေစကြို-ပကဖရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။
“ဟင်္သာပျူရွာက ပျူစခန်းမှာ စစ်တပ်စစ်ကြောင်း ၀င်နားတဲ့ရက်မှာ စတိုက်တာ ၁၀ ရက်ကျော်လောက် ကြာသွားတယ်ဗျ။”
စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ အဆိုပါဟင်္သာကျေးရွာ ပျူစောထီးစခန်းကို သြဂုတ် ၉ ရက်က စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သြဂုတ် ၂၁ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီကောင်တွေဘက်က လက်နက်တွေယူပြီး အကုန်လုံးထွက်ပြေးသွားကြတော့ စခန်းကို ၀င်ရှင်းတာ လက်နက်ခဲယမ်းတွေတော့ မတွေ့ခဲ့ဘူး။ စစ်သုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာတွေတော့ သိမ်းဆည်းခဲ့ပြီး သူတို့စခန်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်” လို့ ရေစကြို-ပကဖရဲ့ စစ်ဆင်ရေးတာ၀န်ခံတဦးက ပြောပါတယ်။
ဟင်္သာကျေးရွာ ပျူစောထီးစခန်းကို ရေစကြိုပကဖနဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်း အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တွေက လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ကူပေးကာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။