Home
မြန်မာသတင်း
မော်ကျွန်းတွင် နယ်ကျော်ထောက်ခံစာ လုပ်နေရပြီး ကျပ် ၃၀,၀၀၀ အထိပေးနေရ
DVB
·
August 18, 2024
Photo - Aung Aung

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နယ်ကျော်ထောက်ခံစာတွေ လုပ်နေရပြီး ထောက်ခံစာ တစောင်ကို ငွေ ၃၀,၀၀၀ အထိပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ပထမအပတ်ကစလို့ အကြောင်းအမျိုးမျိုးနဲ့ နယ်ကျော်ခရီးသွားရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာလုပ်နေရပြီး ထောက်ခံစာတစောင်ကို အနည်းဆုံးငွေ ၃၀,၀၀၀ အထိပေးရတာကြောင့် လယ်ယာလုပ်ငန်း ရွှေ့ပြောင်းလုပ်ကိုင်နေသူတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဘယ်သွားသွား မှတ်ပုံတင်ပါရင် ရနေတာ။ ထောက်ခံစာ မလုပ်ရတာ ကြာပြီ။ အခုမှ ရုတ်တရက်ခိုင်းတာ။ နယ်ကျော်၊ ရွာကျော် ထောက်ခံစာပေါ့။ ပြည်သူတွေအနေနဲ့ ခရီးသွားရင် မဖြစ်မနေ ထောက်ခံစာလုပ်ဖို့ပေါ့။ မလုပ်ရင် ဖမ်းခံရမှာတဲ့။ အဲဒီ ထောက်ခံစာ တရွက်ကိုလည်း ကြည့်ဦး၊ ငွေ ၃၀,၀၀၀ အထိ ပေးနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အဲဒီလို နယ်ကျော်ထောက်ခံစာတွေ လုပ်ခိုင်းတာဟာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ ထွက်ပြေးသူ များလာတာကြောင့် ခရီးသွားလာတဲ့ အချက်အလက်တွေ သိရစေဖို့ ထိန်းချုပ်တာဖြစ်တယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက သူတွေက ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီက အာဏာစသိမ်းတုန်းကလည်း လူအဝင်အထွက်ကို သိရှိစေဖို့ အခုလိုပဲ လုပ်ခိုင်းတာ ရှိတယ်။ မော်လမြိုင်ကျွန်းဘက်မှာ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ အခုရက်ပိုင်းထဲမှာ မနည်းရှိနေတာ။ အခု လူငယ်တွေ ထွက်ပြေးပြီး တော်လှန်းရေးအဖွဲ့တွေနဲ့ သွားပူးပေါင်းမှာ ကြောက်လို့ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သင့်တာကို သတိနဲ့လုပ်ဖို့ ပြောချင်တာ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်တပ်က အာဏာစသိမ်းတဲ့ အချိန် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကလည်း နယ်ကျော်ခရီးသွားရင် မှတ်ပုံတင်တွေ စစ်တာအပြင် နယ်ကျော်ထောက်ခံစာတွေ လုပ်ခိုင်းပြီး ထောက်ခံစာ တရွက်ငွေကျပ် ၁၅,၀၀၀ အထိ ပေးလုပ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

NLD ပါတီ အရပ်သား အစိုးရလက်ထက်က မော်လမြိုင်ကျွန်းမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့အချိန် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ နယ်ကျော်ခရီးသွားတွေကို ကျန်းမာရေး စစ်ဆေးတာတွေနဲ့ ခရီးသွားထောက်ခံစာ လုပ်ခိုင်းတာတွေ ရှိခဲ့ပေမယ့် ငွေပေးမလုပ်ခဲ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024