Home
မြန်မာသတင်း
အရာတော်တွင် စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူစောထီး  ၇ ဦးသေဆုံး
DVB
·
August 17, 2024

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၁၄ ရက် မနက် ၅ နာရီခွဲဝန်းကျင်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၇ ဦး သေဆုံးခဲ့တယ်လို့ Shwebo Crocodile PDF ဆီကနေ သိရပါတယ်။

Shwebo Crocodile PDF ရဲ့ တာဝန်ခံတဦးက “စခန်းသိမ်းနိုင်ဖို့အတွက် ၅ နာရီနီးပါး ထိုးစစ်ဆင်ပြီး တိုက်လိုက်ရတယ်။ ဒါပေမဲ့ သူတို့ဘက်က အရာတော် လေ့ကျင့်ရေး ၁၀ နဲ့ ငွေတွင်းပျူရွာတွေက လက်နက်ကြီးပစ်ကူတွေပေးပြီး စစ်ကူတွေပါ ရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ပါဘူး။ သူတို့ဆီက လက်နက်တွေတောင် မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း သလဲဘာကျေးရွာ၊ စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ပျူစောထီး ၄ ဦး သေဆုံး​ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့​တယ်လို့ ဆိုပါတယ်။

Shwebo Crocodile ရဲ့ စစ်ဆင်ရေးတာဝန်ခံက “အဲဒီပျူစခန်းပတ်လည်က မိုင်းတွေထောင်ထားတာကို ခက်ခက်ခဲခဲ ​ကျော်ဖြတ်ပြီး တိုက်ခဲ့ရတာပါ။ အခုတကြိမ် စခန်းမသိမ်းနိုင်ခဲ့ပေမဲ့ အဲဒီစခန်းကို မရရအောင် တိုက်ခိုက် သိမ်းပိုက်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို Shwebo Crocodile နဲ့အတူ တပ်ရင်း ၂၁၊ ၁၉၊ ၂၆၊ ၂၂၊ Zero တို့က ဦးဆောင်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး-ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ HG FIGHTER, EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother, ဖျံ-ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Zay Yar Thawed, YAUNG NI, ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BO BA Taw - LDF ရွှေဘိုမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013