မြန်မာပြည်တွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် အဝေးပြေးကားတွေပါ ရန်ကုန်မြို့အတွင်းက ဆီဆိုင်တွေမှာ သွားရောက်တန်းစီနေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မနေ့ကစပြီး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ဘက်က ဆီဆိုင်တွေနဲ့ မှော်ဘီက ဆီဆိုင်တွေမှာ အဝေးပြေးကားတွေပါ ဆီရဖို့တန်းစီနေကြရပြီး လိုသလောက်ဝယ်ယူလို့မရတာကြောင့် ၂ ခေါက်လောက် ပြန်ပြီးတန်းစီနေကြရတယ်လို့ ရန်ကုန်မြို့က မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။
မြောက်ဒဂုံမြို့ခံတဦးက “အခုက တော်တော်အခြေအနေဆိုးလို့ထွက်လာကြတာ။ ဝင်းထဲမှာက ဆီဆိုင် ၃ ၊ ၄ ဆိုင်လောက်ရှိတာ၊ အခုလိုထွက်လာပြီး တန်းစီတာတခါမှမတွေ့ဖူးဘူး။ ဒီနေ့လည်း ဆီတွေရပြီ၊ ဆီတွေဖြန့်နေပြီပြောပေမဲ့ ကမ္ဘာအေးဘုရားလမ်း၊ မြောက်ဒဂုံ တခြားနေရာတွေ အကုန်တန်းစီနေရတုန်းပဲ။ တချို့နေရာတွေဆိုရင် ကားမှတ်တိုင် ၄ တိုင်စာလောက်ရှိတယ်”လို့ ပြောပါတယ်။
ဓာတ်ဆီ၊ ဒီဇယ် စက်သုံးဆီတွေရဲ့ ပြည်တွင်း လက်ကျန်အခြေအနေနဲ့ ပြည်ပကနေ ဝင်ရောက်လာမယ့် ဆီတင်သင်္ဘော အခြေအနေတွေအရ စက်သုံးဆီ ပြတ်လပ်နိုင်ခြင်း မရှိဘူးလို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် တနေရာတည်းမှာ စုပြုံတန်းစီ မဝယ်ယူဘဲ တခြားဆိုင်တွေမှာလည်း ဖြန့်ပြီး ဝယ်ယူဖို့ အသိပေးထားပါတယ်။
ဆီသယ်ယာဉ်တွေ ဒီနေ့မှာ ဆီတွေဖြန့်ဖြူးနေပြီလို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေကြပေမယ့် သီလဝါဆိပ်ကမ်းမှာ ဒီနေ့အထိ ဆီသယ်ယာဉ်ပေါင်းရာချီဟာ တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဘောက်ဆာယာဉ်မောင်းတဦးက ပြောပါတယ်။
“ထွက်သွားတဲ့ကားက ရန်ကုန်ထဲက ၁ ဆိုင်၊ ၂ ဆိုင်လောက်ရောက်ရင်ကုန်မှာ။ အခုထိဝင်းထဲမှာ တန်းစီနေရတုန်းပဲ။ ဘယ်ချိန်မှဆီရမလဲဆိုတာ မခန့်မှန်းနိုင်သေးဘူး။”
ဒီလိုဆီရဖို့ ကားတွေ တန်းစီနေတာတွေကြောင့် ကျောင်းအကြိုအပို့လုပ်နေတဲ့ မော်တော်ယာဉ်တွေ၊ ကွန်တိန်နာတင်တဲ့ တွဲကားတွေဟာလည်း အခက်တွေ့နေကြရသလို အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်မှာ ကားပြေးဆွဲနိုင်ဖို့ အခက်တွေ့နေ ကြရပါတယ်။