အင်္ဂါဂြိုဟ် မျက်နှာပြင်အောက် အနက်ပိုင်းမှာ အရည်ပုံစံနဲ့ တည်ရှိနေတဲ့ ရေရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိတယ်လို့ လေ့လာမှုတခုက ဖော်ပြပါတယ်။
အင်္ဂါဂြိုဟ် ဝင်ရိုးစွန်းတွေမှာ အေးခဲနေတဲ့ ရေရှိတယ်ဆိုတဲ့ အချက်နဲ့ လေထုထဲမှာ ရေငွေ့ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ အရင်ကတည်းက တွေ့ရှိခဲ့ပြီးဖြစ်ပေမဲ့ အရည်ပုံစံ ရေတွေ့တာက အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
နာဆာရဲ့ Mars InSight ဂြိုဟ်ဆင်းယာဉ်က ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အခုလိုသုံးသပ်တာ ဖြစ်ပါတယ်။
ဒီတွေ့ရှိမှုကြောင့် အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိရှာဖွေရေး မျှော်လင့်ချက် အားကောင်းလာသလို ရှေးအခါက သမုဒ္ဒရာကြီးတွေ ရှိနိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း အားကောင်းလာစေခဲ့ပါတယ်။
၂၀၁၈ ကတည်းက ဂြိုဟ်နီကြီးလို့ခေါ်တဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်ရှိနေတဲ့ လဆင်းယာဉ်ဟာ ၄ နှစ်တာအတွင်း မြေငလျင်လှုပ်ခတ်မှု အချက်အလက်တွေကို တိုင်းတာခဲ့ပါတယ်။
ငလျင်တွေကြောင့် မြေသားဘယ်လိုတုန်ခါသွားတယ် ဆိုတာကို ဆန်းစစ်ပြီး အောက်မှာ ဘယ်လို ဒြပ်ပစ္စည်းတွေ ရှိနေသလဲဆိုတာ ဆုံးဖြတ်ခဲ့ပါတယ်။
အချက်အလက်တွေအရ ဟိုးအောက်ခြေ နက်ရှိုင်းတဲ့နေရာမှာ အရည်ပုံစံနဲ့ ရေရှိနေနိုင်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချနိုင်ခဲ့ပါတယ်။
ရေဟာ သက်ရှိ ရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပြီး ဂြိုဟ်ပေါ်မှာ လွန်ခဲ့တဲ့ အနှစ် သန်း ၃,၀၀၀ တုန်းက ကန်တွေ၊ မြစ်တွေ၊ သမုဒ္ဒရာတွေ ရှိခဲ့တယ်လို့ ဘူမိလေ့လာမှုတွေက ဖော်ပြပါတယ်။
လဆင်းယာဉ်လေ့လာခဲ့တဲ့ မြေအောက် ၁၁ ဒသမ ၅ ကီလိုမီတာကနေ ကီလိုမီတာ ၂၀ အတွင်း အရည်ပုံစံနဲ့ရှိတဲ့ ရေအမြောက်အမြား ရှိနေတယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source-Reuters