ချင်းပြည်နယ်၊ မတူပီမြို့နယ်တခုလုံးမှာ ချင်းညီနောင်အဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီ ဖြစ်သလို ၂၀၂၄ ခုနှစ်ထဲမှာ ချင်းပြည်တခွင်လုံး စစ်ကောင်စီကင်းစင်ဖို့ စစ်ရေးရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ ချင်းညီနောင်မဟာမိတ် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းညီနောင်မဟာမိတ်အဖွဲ့က သူတို့ သိမ်းပိုက်ထားတဲ့ ကျင်ဒွေးမြို့ မကွီအီနူးမြို့နဲ့ မတူပီမြို့နယ်တခုလုံးမှာ ရှိနေတဲ့ မြို့တွေအားလုံးမှာ စစ်တပ် ကင်းစင်သွားပြီဖြစ်လို့ ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်နေသလို ဒေသဆိုင်ရာ ဥပဒေစိုးမိုးနိုင်ရေးအတွက် သူတို့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့လည်ပတ်ဖို့ ဆောင်ရွက်နေပြီလို့လည်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတူပီမြို့တမြို့လုံးမှာ မိုင်းပေါင်း ၄၀၀၀ ကျော်ကို ထောင်ထားခဲ့တာကြောင့် ဒေသခံပြည်သူတွေ ပြန်လည်နေထိုင်တဲ့အခါမှာ အန္တရာယ်မဖြစ်အောင် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေရတယ်လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။
လက်ရှိမှာတော့ ချင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေမဲ့ ၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်တခုလုံး အာဏာသိမ်းစစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ပြီး ဒေသကို ကိုယ်အုပ်ချုပ်နိုင်ဖို့ စစ်ရေးရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်တခွင် စစ်ကောင်စီ ကင်းစင်ဖို့ ဆောင်ရွက်တဲ့အခါမှာ ချင်းညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်လှုပ်ရှားနေတဲ့ မြို့နယ်တွေကနေ စစ်ဆင်ရေးကို စတင်ဖော်ဆောင်မှာဖြစ်ပြီး အဲဒီကနေတဆင့် တခြား တိုင်းနဲ့ပြည်နယ်က တော်လှန်ရေးအင်အားစုတွေအတွက်လည်း စစ်ရေးလှုပ်ရှားဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းညီနောင်မဟာမိတ်အဖွဲ့တွေဘက်က အခုလို စစ်ဆင်ရေးဖော်ဆောင်တော့မှာဖြစ်လို့ ဒေသခံ ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီ ဖြစ်သလို သူတို့တွေ နေထိုင်စားသောက်နိုင်ဖို့အတွက် နေရာထိုင်ခင်း အစားအသောက်နဲ့ ဆေးဝါးတွေကိုလည်း ကြိုတင်စုဆောင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။