ကွမ်းထွက်တဲ့ ဧရာဝတီတိုင်းမှာ ကွမ်းရွက်တပိဿာ ကျပ် ၃၅,၀၀၀ အထိ ဈေးထိုးတက်တယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းက ကွမ်းရွက်တပိဿာ ကျပ် ၁၁,၀၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး သြဂုတ် ၁ ရက်ကနေ ဒီနေ့အထိ ကွမ်းရွက်တပိဿာ ကျပ် ၃၅,၀၀၀ အထိ ဈေးပေါက်နေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှ ကွမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ကွမ်းဈေးတက်နေတာ ဟုတ်ပါတယ်။ ဒီနေ့အထိ တပိဿာ ကျပ် ၃၅,၀၀၀ ပေါက်နေတာ။ အဲဒီ တပိဿာ ၃၅,၀၀၀ ဈေးနဲ့တောင် အရင်လို ကွမ်းကောင်းကောင်းမရဘူး။ အခု ကွမ်းဈေးက ရေကြီးရေလျှံမှုဒဏ်ကြောင့် ကွမ်းခင်းတွေပျက်ပြီး ဈေးကတက်လာတာ။ ရေမြုပ်ပြီး ပျက်စီးတာတွေဖြစ်တော့ ဈေးက ထိုးတက်နေတာ။ အခုဈေးက ရောင်းသူ၊ ဝယ်သူ၊ စားသူ မကောင်းတဲ့ဈေးလေ။ အကုန်တက်နေတာ၊ အခု ကွမ်းပါ တက်လာပြီ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ကွမ်းခြံတွေ ရေနစ်မြုပ် ပျက်စီးခဲ့တဲ့အတွက် ကွမ်းရွက်တပိဿာကို ငွေကျပ် ၃၅,၀၀၀ အထိ ဈေးပေါက်ေနတာဖြစ်ပြီး အခုလို ကွမ်းဈေးထိုးတက်လာပေမဲ့လည်း ကွမ်းခြံတွေ ဆုံးရှုံးနေတာကြောင့် ကွမ်းစိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။
ပန်းတနော်မြို့နယ်က ကွမ်းစိုက်ပျိုးသူတယောက်က “မနှစ်က ရေကြီးပေမဲ့ ဒီနှစ်လောက် မဆိုးခဲ့ပါဘူး။ ဒီလောက်မဆိုးတော့ အပျက်အစီး နည်းတာပေါ့။ အခုတော့ ကိုယ်တယောက်တည်းပိုင်တဲ့ ကွမ်းခြံတောင် ၄ ခြံလောက် ပျက်စီးခဲ့တာ။ ရွာချင်းဆက် ကျေးရွာတွေဘက်မှာလည်း မနည်းပျက်စီးတာတွေ ရှိတယ်။ ကွမ်းခြံ ၄ ခြံဆို မနည်းဘူး ဆုံးရှုံးခဲ့တာ။ ကွမ်းစိုက်ပျိုးရတဲ့ အလုပ်က သိပ်အရင်းအနှီးများတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံတဲ့ဒဏ်ကြောင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ မြန်အောင်စတဲ့ ကွမ်း အဓိကစိုက်ပျိုးတဲ့ဒေသတွေက ကွမ်းခြံတွေ ပျက်စီးနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေ စပါးနဲ့ယှဉ်တွဲကာ ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့သီးနှံတွေကို တောင်သူတယောက်ကို ၁ ဧက ကနေ ၁၀ ဧကအထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
အာဏမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ဧရာဝတီတိုင်းမှာ ကွမ်းရွက်တပိဿာဈေးဟာ ကျပ် ၁,၈၀၀ ကနေ ၂,၅၀၀ သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပိဿာ ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကာ အခုနှစ်မှာ တပိဿာကို ကျပ် ၃၅,၀၀၀ အထိ ရောက်ရှိလာပြီလို့ ဆိုပါတယ်။