အာဖရိကတိုက်ရဲ့ ထိပ်တန်းရွှေထုတ်လုပ်သူ ဂါနာနိုင်ငံရဲ့ မြို့တော် အက်ကရာမှာ ပထမဆုံး စီးပွားဖြစ် ရွှေသန့်စင်စက်ရုံကို သြဂုတ် ၈ ရက်က ဖွင့်လှစ်ခဲ့ပြီး ရာစုနှစ်ချီ တူးဖော် ထုတ်လုပ်ခဲ့တဲ့ အဖိုးတန်သတ္တုကနေ တန်ဖိုးထပ်တက်ပြီး ဝင်ငွေပိုရှာနိုင်ဖို့ နိုင်ငံအစိုးရရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
စက်ရုံဖွင့်ပွဲ အခမ်းအနားမှာ ဂါနာ ဒုသမ္မတ မဟာမူဒူ ဘာဝူမီယာက တော်ဝင်ရွှေသန့်စင်စက်ရုံကို စတင်ဖွင့်လှစ်လိုက်ခြင်းဟာ ရွှေမှောင်ခိုကူးသန်းမှုကို ထိန်းသိမ်းရာမှာနဲ့ အဖိုးတန်သတ္တုကနေ နိုင်ငံတော်ဝင်ငွေကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်စေမယ့် ခေတ်သစ်တခုပဲလို့ ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ ဂါနာရဲ့ ရွှေကို ကုန်ကြမ်းပုံစံနဲ့ နိုင်ငံပြင်ပကို သန့်စင်ဖို့ တင်ပို့နေတာကြောင့် အကျိုးအမြတ်ဆုံးရှုံးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဂါနာနိုင်ငံရဲ့ တနှစ်တာ ရွှေထုတ်လုပ်မှုဟာ ပျမ်းမျှ ၁၂၂ ဒသမ ၅ တန်ရှိပြီး ဒီရွှေတွေအားလုံးကို မသန့်စင်ဘဲ တင်ပို့တဲ့အခါ အမြတ်ငွေ ဆုံးရှုံးသွားရတယ်လို့ ပြောပါတယ်။
ဒီနေ့ စတင်လိုက်တဲ့ သန့်စင်စက်ရုံကြောင့် ဂါနာကတင်ပို့လိုက်တဲ့ ရွှေတွေဟာ ၂၄ ကာရက်အထိ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း သန့်စင်ပြီးတော့ အကောင်းဆုံး ပရီမီယံ အရည်အသွေးနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကနဦးအနေနဲ့ တိုက်ရိုက်အလုပ်အကိုင် ၈၀ မှ ၁၂၀ လောက်အပြင် သွယ်ဝိုက်အလုပ်အကိုင် ပေါင်း ၅၀၀ တို့ကို ဖန်တီးပေးနိုင်ဖို့ မျှော်မှန်းထားပြီး ကော်ပိုရိတ်အခွန်ပုံစံနဲ့ ပြည်တွင်းအခွန်ဝင်ငွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရက်ကို ရွှေ ၄၀၀ ကီလိုဂရမ် ထုတ်ယူနိုင်စွမ်းရည်ရှိတဲ့ တော်ဝင် ဂါနာ ရွှေသန့်စင်စက်ရုံဟာ အကြီးစား ရွှေမိုင်းလုပ်ငန်းတွေဆီက ရွှေကို ထုတ်ယူဖို့ လိုင်စင်တွေ မရသေးခင်မှာ အသေးစားနဲ့ လက်တူး ရွှေမိုင်းလုပ်သားတွေဆီကနေ ရွှေအကြမ်းတုံးတွေကို ရယူမှာပါ။
အဲဒီသန့်စင်စက်ရုံဟာ ဂါနာရဲ့ ဗဟိုဘဏ်နဲ့ အိန္ဒိယရဲ့ Rosy Royal Minerals လီမိတက်တို့အကြား အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
Source-Reuters