ကာတာမြို့တော် ဒိုဟာမှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ဟားမတ်စ်အဖွဲ့က အလုံးစုံဦးဆောင်မယ့် ခေါင်းဆောင်သစ်အဖြစ် ယာယာဆင်ဝါကို ရွေးချယ်လိုက်ပါတယ်။
လွန်ခဲ့တဲ့အပတ်က အီရန်မြို့တော်မှာ လုပ်ကြံခံခဲ့ရတဲ့ ဟားမတ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ရဲ့ နေရာမှာ ဆက်ခံဖို့ ယာယာ ဆင်ဝါကို ခန့်အပ်ခဲ့တာပါ။
၂၀၁၇ ကတည်းက ဆင်ဝါဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာဒေသဆိုင်ရာ အကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဟားမတ်စ် ခေါင်းဆောင်ပိုင်းက ဆင်ဝါကို ဦးဆောင်မယ့်သူအဖြစ် တညီတညွတ်တည်း ရွေးချယ်ခဲ့ကြပြီး ဒါဟာ အတွင်းပိုင်းစည်းလုံးမှု ရှိနေသေးတာကို ပြသနိုင်ခဲ့တာဖြစ်ကြောင်း အကြီးတန်းတာဝန်ရှိသူတဦးက ပြောကြားပါတယ်။
အသက် ၆၁ နှစ်အရွယ် ဆင်ဝါဟာ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေးတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို အဓိကကြိုးကိုင်သူအဖြစ် ရှုမြင်ခံထားရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လူ ၁,၁၀၀ ကျော် သေဆုံးကာ နောက်ထပ် ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါကြောင့်အစ္စရေးဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ၄၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး လူဦးရေ ၂ ဒသမ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ဆင်ဝါက ခန်းယူနစ်မြို့ရဲ့ တောင်ဘက် ဂါဇာဒုက္ခသည်စခန်းတခုမှာ မွေးဖွားခဲ့သူဖြစ်သလို အစ္စရေးနဲ့ပူးပေါင်းသူ ပါလက်စတိုင်းတွေကို ဖယ်ရှားသုတ်သင်တဲ့ အယ်လ်မာ့ဂျ် လုံခြုံရေးတပ်ဖွဲ့ခွဲရဲ့ ခေါင်းဆောင်ဟောင်းလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ဂါဇာမှာ ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဟားမတ်စ်ဘက်က ဆင်ဝါ အပါအဝင် တာဝန်ရှိသူတွေနဲ့ အစ္စရေးဘက်က နေတန်ယာဟု အပါအဝင် ကာကွယ်ရေးဝန်ကြီးတို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဝရမ်းထုတ်ပြန်ထား ပါတယ်။
လက်ဘနွန်နိုင်ငံရဲ့ အစ္စရေးနိုင်ငံအပေါ် ဘယ်လိုတုံ့ပြန်မှုကမှ စစ်ပွဲထဲ လုံးဝကျရောက်သွားတာမျိုး မဖြစ်စေဖို့ ဆောင်ရွက်နေတယ်လို့ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလာ ဘူဟာဘီက အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း သြဂုတ် ၆ ရက်မှာ ပြောလိုက်ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် ဟစ်ဇ်ဘိုလာရဲ့ တုံ့ပြန်မှုဟာ အစ္စရေး အပါအဝင် ဘယ်နိုင်ငံကိုမှ အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့လည်း ဘူဟာဘီက ပြောပါတယ်။
“အရာရှိတွေအနေနဲ့ ကျနော်တို့က စစ်ပွဲကို မလိုလားပါဘူး။ ဒါကြောင့် တုံ့ပြန်မှုတခု လိုအပ်ရင် စုပေါင်းမှု ဒါမှမဟုတ် ပြင်းထန်တဲ့ ပဋိပက္ခတခုအဖြစ် အပြင်းအထန် မဖြစ်သင့်ပါဘူး” လို့ ဘူဟာဘီက ပြောပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အဗ်ဒီလာဒီက အီဂျစ်နဲ့ အမေရိကန်တို့ကြား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။
တင်းမာမှုတွေ တိုးလာတာကို ရပ်တန့်ဖို့နဲ့ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အန္တရာယ်ရှိတဲ့ ဂယက်ရိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ချက်ချင်း အရေးယူဖို့ အရေးကြီးတယ်လို့ နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်း သဘောတူထားပါတယ်လို့ အဗ်ဒီလာဒီက ပြောခဲ့ပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ အီရန်မြို့တော် တီဟီရန်မှာ အသတ်ခံရမှုနဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး ဖှုအဒ် ရှုခါ သေဆုံးခဲ့တဲ့ ဘေရွတ်မြို့ ဆင်ခြေဖုံးတွေကို အစ္စရေးက တိုက်ခိုက်မှုအပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက အင်္ဂါနေ့မှာ အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒရုန်းတွေ၊ ဒုံးပျံတွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးက ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးတဦးကို သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်တဲ့အဆင့်ကို မရောက်လာသေးဘူးလို့ သတိပေးခဲ့ပါတယ်။
အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လေ့လာထားပြီးတဲ့ နည်းလမ်းနဲ့ တုံ့ပြန်မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ပြီး အစ္စရေးက လက်တုံ့ပြန်လို့ ဂါဇာမှာ စစ်ပွဲစတင်ခဲ့ပြီးနောက် ဟားမတ်စ်တို့နဲ့ သွေးစည်းတဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အစ္စရေးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
Source-Reuters