(က)
ရွာတောင်ကျောင်းသို့ ဝါတွင်းဥပုသ်ရက် ရောက်ကြသည်။ အရွှင်အဘတွေ၏ ငယ်ပေါင်းဆရာတော် ဦးအစိမ်းတကား ရှေ့ဆုံးနားမှာထိုင်ကာ သီလယူနေကြသည့် သူ၏ငယ်ပေါင်း အဘစောမူးသာနှင့် အဘလုံးတုံးတို့ကိုမြင်တော့ မျက်နှာတော်မှာ တည်သွားပါလေ၏။
ဆရာတော်က ထုံးစံအတိုင်း နံနက် ၈ နာရီမှာ သီလပေးကာ ၉ နာရီမှာ အဆုံးသတ်ပါလေ၏။ ပြီးသည့်အခါ အမျှပေး၍ ကျောင်းပေါ်သို့ ပြန်လည်ကြွချီသွားလေရာ နောက်မှနေ၍ ခပ်ယို့ယို့လေးတွေ လိုက်ပါသွားခဲ့ကြပြန်ပါလေ၏။
ကျောင်းအပေါ်ထပ် ရေနွေးကြမ်းဝိုင်းမှာ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က ရွာမုန့်များ ချပေးပါလေရာ စားကြရပါ၏။ ဆရာတော်ကား အရင်အပတ်ကလို မနီးမဝေးက ကုလားထိုင်ပေါ်မှာ စံမြန်းတော်မမူဘဲ အတော်လှမ်းလှမ်းမှာ ထိုင်တော်မူနေပါ၏။
“နောက်အပတ်ကျရင် ကိုယ်တော့်ကို ဇာတ်တူသားစားတဲ့ ‘ဟင်္သာကိုးသောင်းဇာတ်’ ကို ဟောပေးပါလို့ လျှောက်ထားမှပဲ”
အဘစောမူးသာ၏စကားကိုကြားတော့ ဆရာတော်က လှမ်း၍ငဲ့ကာ ရှုတည်တည်ကြီး ကြည့်ပါ၏။ စစ်ပြန်ကြီး အဘလုံးတုံးက အဘစောမူးသာ ခင်းထားသည့်လမ်းပေါ်မှာ ဆက်၍ လျှောက်လာပါလေ၏။
“‘ဟင်္သာကိုးသောင်းဇာတ်’ ကို ဘာဖြစ်လို့ ဟောစေ့ချင်တာလဲ မူးသာရ”
“သြော် . . သတ္တဝါတွေ အဖွဲ့အစည်းတွေ အချင်းချင်း ငဲ့ညှာမှုမရှိဘဲ ကြီးနိုင်ငယ်ညှဉ်းလုပ်နေရင် အဲသည်ကောင်တွေဟာ သိပ်မကြာခင်မှာ အလုံးစုံ ပျက်စီးခြင်းဆိုတဲ့ နိဂုံးကို ရောက်မယ်ဆိုတာ တရားရဖို့ပေါ့ကွာ”
“ဟား ဟား ဟား ဟား ဟား ဟား”
“မင်းတို့က ဘာထရယ်ကြပြန်တာလဲဟ”
“မင်းကကော ဘာဖြစ်လို့ လိုက်မရယ်တာလဲ စိမ်းမောင်”
“အဲ . . . . .”
ဆရာတော်က ဘေးတိုက်အနေအထားနှင့် လှည့်ကြည့်တော်မမူတော့ဘဲ နားတော်ကိုတော့ စွင့်ထားပုံမှာ သိသာလှပါ၏ ခင်ဗျာ။
“ဒီမယ်စိမ်းမောင် . . . အခုဆိုရင် တော်လှန်ရေးတပ်တွေက စစ်ဌာနချုပ်အခြေစိုက်တဲ့ တိုင်းမြို့တော်တွေအထိပါ သိမ်းယူလာနိုင်ပြီဆိုတာ မင်းသိလား”
“အဲ . . . သိမ်းတာတော့ မဖြစ်နိုင်ဘူး၊ ဝင်တိုက်တာလောက်ပဲ ဖြစ်မှာပါ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“မင်းတို့ အစွန်းရောက် အစိမ်းတွေက ခုထက်ထိကို ‘စုံလုံးကန်းတွေ’ ဖြစ်ဆဲပါလား၊ ဟိုမှာ သိမ်းပြီးလို့ ဖက်ဆစ်တပ်တွေတောင် ပြောင်သလင်းခါသွားပြီ ဟကောင်ရ”
“အ . . . အဲ . . .”
“နဂိုစစ်တိုင်းမှူးတွေကို အသုံးမကျလို့၊ သူတို့ကို ပြန်ခံပြောလို့ဆိုပြီး ဖြုတ်တယ်၊ ထုတ်တယ်၊ ထောင်ချတယ်၊ ပြီးတော့ နောက်ထပ်တကောင်ကို အစားထိုးပြီး တော်လှန်ရေးတပ်တွေကို ‘ကိုက်ခိုင်း’ တယ်”
“နောက်လာတဲ့ မောင်ပုလဲလည်း သူတို့ကို မတိုက်နိုင်ပါဘူး ဘာညာ ပြန်ပြောပြီး အသက်လုပြေးရပြန်တော့ အဲသည်ကောင်ကိုလည်း ထပ်ဖြုတ်၊ ထပ်ဖမ်းနဲ့ ကြင်စိုး သာဝ မအလ ထင်ရာလုပ်နေခြင်းဟာ သူ့နိဂုံးကို သူကိုယ်တိုင် ရေးနေတာပဲဟ”
“မူးသာပြောတော့ ဆရာထင်လင်းဦးရေးတဲ့ ‘ခွေးဇာတ်’ ဆိုတဲ့ ကဗျာလေးကို ရွတ်ချင်လာသကွာ”
“ရွတ်ချင်ရင် ရွတ်ကွာ လုံးတုံးရာ”
အဘလုံးတုံးက သူ့ဖုန်းထဲမှာ သိမ်းထားပါသည့် ကဗျာလေးကို ရှာနေစဉ် ဆရာတော်၏ နားတော်စလောင်းမှာ လှုပ်၍ လည်လာသည်ဟုပင် ထင်ရပါလေ၏။ ကဗျာကိုတွေ့တော့ အဘလုံးတုံးက ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ရွတ်ပြပါလေ၏။
“သူ့ကိုကျောပေးပြီး
မျက်နှာလို အားရ
ဟောင်ပေးနေသမျှတော့
ဖေ့သားကြီး ကျောသပ်ခံရ
ခွေးခမျာ အမြီးလေး
နန့်ကာ နန့်ကာနဲ့”
“သူ့ဘက်လည်ပြန်လှည့်ပြီး
သွားဖြီးပြမိ
မာန်ဖီမိတဲ့အခါကျ
ဝါးဆစ်တုတ်နဲ့
ငယ်ထိပ်အထုခံရ
ခွေးခမျာငယ်သံကိုပါလို့”
(ခ)
“အခုဆို မင်းတို့နဲ့ တကိုင်းတည်းနားတဲ့ အစွန်းရောက် မဘသတွေဖြစ်တဲ့ ‘ဂေါက်ကိုယ်တော်’ တို့ မျက်ကန်းမျိုးညစ် ‘ပြာသဝ’ တို့နဲ့တကွ ‘ပေါတောမ’ တို့တွေဟာ မင်းတို့သမ္မတရူးကြီးကို ဘယ်လိုတွေအထိ ပြောနေပြီလဲဆိုတာ သိတယ်မဟုတ်လား”
“သိ . . . အဲ . . . မသိ”
“ကြင်စိုး သာဝ မအလရဲ့ သတင်းထိန် သတင်းလိမ်ချန်ပီယံ ‘မုသာဝါဒသတင်းခေါင်းဆောင် ဇော်မဲလုံး’ ကိုလည်း တော်တော့်ကို ပြောကြတယ်ဟ”
“အေးကွ လုံးတုံးရ . . . ‘မအလဘောမ ပေါတောမ’ ဆိုရင် “တော်လှန်ရေးတပ်စခန်း ပစ်မှတ်တွေကို မှတ်ပုံတင်ထားပြီး နေပြည်တော်ကနေ ခလုတ်လေး တချက်နှိပ်လိုက်ရုံပဲ” ဆိုတဲ့ မဲလုံးကိုမေးတာများ ပြန်ပြောဖို့တောင် ခက်ခက်”
“ခက်ခက်ကွာ . . ပေါတောမက ဘယ်လိုပြောတာလဲဟ မူးသာရ”
“‘ပစ်မှတ်တွေကို မှတ်ပုံတင်ထားပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ဇော်မဲလုံးကို ကျမမေးမယ်။ အဲဒီခလုတ်ကြီးက ဘယ်ထဲရောက်နေလို့ အခုထက်ထိ မနှိပ်သေးတာလဲ’ တဲ့”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“ပေါတောမတို့ကတော့ လုပ်ချလိုက်ပြန်ပြီ”
အဘစိမ်းမောင်မှာ ပါးစပ်တပြင်ပြင်ဖြင့် တခုခုကို ပြောချင်နေပုံရ၏။ ဒါကိုမြင်တော့ အဘစောမူးသာက “ပြောလေကွာ စိမ်းမောင်” ဟု ဆိုလေရာ ပြောပါလေ၏ ခင်ဗျာ။
“ဒီလိုရှိတယ်ကွ . . . ယာယီသမ္မတကြီးတို့ဆီမှာ လက်နက်ဆန်းတွေရှိလိမ့်မယ်၊ ရန်သူ့စခန်းတွေကို ချိန်ထားတာလည်း ဖြစ်နိုင်တယ်”
“ဒါဆိုရင် ခုထက်ထိ ဘာဖြစ်လို့ ခလုတ်ကို မနှိပ်သေးတာလဲဟ စိမ်းမောင်ရ”
“အဲ . . . ဟို . . . ဒီလိုရှိတယ်ကွ လုံးတုံးရ၊ မသက်ဆိုင်တဲ့ ပြည်သူလူထုကို ထိခိုက်မှာ သမ္မတကြီးက စိုးရိမ်နေလို့ ဖြစ်လိမ့်မယ်ကွ”
“ဟေ . . . ဒီလိုလား”
“ဟား ဟား ဟား ဟား ဟား ဟား”
ခက်တော့လည်း ခက်သားပါကလား၊ ခုချိန်ထိကို အဘဘောကို မနေတုန်းလူတွေကား ဦးနှောက်မှ ပါပါရဲ့လားဟု အရွှင်အဘတွေက စုတ်သတ်ကာ ပြောကြပါလေ၏။
“အခုဆိုရင် မင်းတို့ရဲ့ ဇော်မဲလုံးဆိုတဲ့ မုသာဝါဒ အပြောချန်ပီယံကိုယ်တိုင် သူတို့စစ်တိုင်းမှူး ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေဟာ PDF တွေရဲ့အဖမ်းကို ခံနေရပြီလို့ ငိုသံပါကြီးနဲ့ ဝန်ခံနေပြီကွ စိမ်းမောင်ရ”
“ဟှူး . . . . . .”
“ဒင်းတို့စစ်တက္ကသိုလ်မှာ ရိုက်သွင်းပေးလိုက်တဲ့ ‘ကြီးနိုင်ငယ်ညှဉ်းစနစ်’ အရ ဒီကောင်တွေဟာ ‘စီနီယာ’ ဘယ်လောက်မှားမှား ဘာမှပြန်ခံမပြောရတဲ့ ကျင့်စဉ်ကို အရိုးစွဲနေတဲ့ ‘သောက်ရူးတွေ’ ဆိုတာ ကြာလေ ထင်ရှားလာလေပဲ မဟုတ်လား”
“အဲသည်အရူးတွေဟာ အခုတော့ မခံနိုင်တဲ့အဆုံး ပြန်ခံပြောလာ လုပ်လာကြတာကို မြင်ရတော့ ဆရာနိုင်မွန်အောင်သွင်ရဲ့ ‘သက်တန့်ဝိုင်’ ကဗျာစုထဲက တပုဒ်ကို သတိရလာမိသကွာ”
“လုပ်စမ်းပါအုံး မူးသာရ၊ ကြားပါရစေ”
ဆရာတော်၏ စလောင်းနားတော်မှာလည်း ထပ်မံ၍ လည်လာပြီး ဖမ်းယူနားဆင်ရန် ပြင်ဆင်နေပါလေ၏။ အဘစောမူးသာက လည်ချောင်းတချက်ရှင်း၍ သူ၏ ဘယ်သံဝါကြီးဖြင့် ရွတ်ဆိုပြပါလေတော့သတည်း။
“ကျွန်းတစ်ကျွန်းပေါ်ကို
သင်္ဘောပျက်ပြီး
အရူးတွေချည်း
ရောက်လာကြတယ်”
“အစမှာတော့
ရူးနေသူအချင်းချင်းဆိုတော့
အလွမ်းသင့်ပြီး
ပျော်ရွှင်နေကြတယ်”
“ရက်များမကြာခင်မှာပဲ
ခေါင်းဆောင်ရူး ရူးနေတဲ့
အရူးတချို့ကနေ
ပြဿနာ စလာတယ်”
“အုပ်စုလေးတွေ
ကွဲလာတယ်”
“အရူးတွေအချင်းချင်း
အပြတ်ရှင်းကြရင်း
ကိစ္စတုံးကုန်ကြလို့
နောက်ဆုံးမှာတော့
ကျွန်းကလေးက
သန့်ရှင်းသွားခဲ့ပါတော့တယ်”