ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်ရှိ နယ်စပ်စစ်လေ့ကျင့်ရေးကွင်းတခုထဲမှာ သင်တန်းဆရာက စစ်သည်တွေကို လူမဆန်စွာ အပြစ်ပေးဆုံးမမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖှန်မြို့နယ် နောလဲကျေးရွာရှိ တပ်မ ၂၅ တပ်မဟာ ၄ လက်အောက်ခံ အဒီးဆွန်စစ်လေ့ကျင့်ရေးကွင်းမှာ တပ်ကြပ်ကြီးအဆင့်ရှိ သင်တန်းဆရာက သင်တန်းသား ၁၀ ဦးကို အဝတ်အစားအားလုံးချွတ်ပြီး ကိုယ်လုံးတီးနဲ့ တညလုံး မိုးရေထဲမှာ ၆ နာရီကြာ မတ်တတ်ရပ်ခိုင်းကာ ထိုးနှက်တာ၊ ခြေထောက်နဲ့ ကန်တာတွေပါ ပြုလုပ်ခဲ့လို့ သင်တန်းသားတချို့ မူးလဲသွားတယ်လို့ သင်တန်းသားတဦးရဲ့ ညီမ ဖြစ်သူက ဩဂုတ် ၃ ရက်မှာ ဆိုင်မိုင်တောင့်လွတ် ဆိုတဲ့ လူမှုပြဿနာ ကူညီရေးအဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။
အဆိုပါအဖွဲ့အစည်းကလည်း ဖြစ်စဉ်မှန်ကန်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိ အမှတ် ၁ စစ်တိုင်းရုံးထံ တိုင်ကြားခဲ့သလို သတင်းဌာနတွေကလည်း ဖြစ်စဉ်တွေကို မေးမြန်းဖော်ပြခဲ့ပါတယ်။
ဒဏ်ပေးခံရသူ စစ်သင်တန်းသားတဦးက သူတို့အသုတ်ဟာ လွန်ခဲ့တဲ့ ၁၀ လလောက်က ဒီလေ့ကျင့်ရေးစခန်း ရောက်နေတာဖြစ်ပြီး သင်တန်းဆရာ တပ်ကြပ်ကြီးက အရက်မူးမူးနဲ့ အဲဒီလိုအပြစ်ပေးလေ့ရှိတယ်၊ သူတို့ ဒီလိုခံလာရတာ ၇ ကြိမ်ရှိပြီလို့ ပြောပါတယ်။
သင်တန်းသားတွေဟာ အရက်ခိုးသောက်တဲ့အတွက် အပြစ်ပေး အရေးယူခံရတာမှန်ပေမဲ့ ခုလိုဒဏ်ပေးတာတော့ တရားလွန်တယ်၊ သင်တန်းဆရာကိုယ်တိုင်ကလည်း အရက်မူးနေတယ်လို့ ဆိုပြန်တယ်၊ ဒါကြောင့် ထိရောက်စွာ စစ်ဆေးအရေးယူဖို့ သင်တန်းသားတွေရဲ့ မိဘဆွေမျိုးတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး ဆူထင်းခန်းဆိုင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သက်ဆိုင်ရာ စစ်တိုင်းမှူးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး စစ်သင်တန်းမှာ ဒီလို တရားလွန် အပြစ်ပေးတာမျိုးတွေ မရှိသင့်တော့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီတရပ်ဖွဲ့ အရေးယူဖို့ ပြောကြားခဲ့ပါတယ်။
စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆိုသည်မှာ ပင်ပန်းဆင်းရဲပြီး စည်းကမ်းတင်းကျပ်တဲ့ နေရာဖြစ်တယ်၊ သင်တန်းဆရာတွေမှာလည်း စိတ်ဖိစီးမှုတွေ ရှိတတ်တယ်၊ ဒီဖြစ်စဉ်မှာ သင်တန်းဆရာရဲ့ စိတ်ကျန်းမာရေးပိုင်းကိုပါ စစ်ဆေးရမယ်၊ ဒီလို လွန်ကဲစွာအပြစ်ပေးခြင်းဟာ အရပ်သားလူငယ်တွေ စစ်သင်တန်းတက်ဖို့ စိတ်ဝင်စားမှုကို ကျဆင်းစေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
Source: - 3 Plus Nrws / PP TV news/ ThaiPBS