မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာက အထက်တန်းကျောင်းအုပ်ဆရာကြီးအပါအဝင် ကျောင်းဆရာ၊ ဆရာမ ၅ ယောက်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဝဲခမိကျေးရွာ အထက်တန်းကျောင်းကို ဩဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲက ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင် ၁၀ ယောက်ကျော် ရောက်ရှိလာပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝေယျာဝေစ္စလုပ်ကိုင်သူတွေကို တနေရာမှာ စုဝေးစေခဲ့ပါတယ်။
အကုန်လုံးကို စစ်ဆေးမေးမြန်းပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်၊ အထက်တန်းပြဆရာမ ဒေါ်ခိုင်ခိုင်မိုးနဲ့ ဒေါ်ခင်မြတ်မြတ်ထွန်း၊ မူလတန်းပြဆရာ ဦးကျော်စိုးလွင်နဲ့ ဦးကျော်ဘုန်းဝေတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။
ဒေသခံတယောက်က “ကျောင်းကို သေနတ်တွေနဲ့ ဝင်လာပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဝေယျာဝေစ္စလုပ်နေတဲ့သူတွေကို တနေရာမှာစုလိုက်တယ်။ အဲဒီထဲက မေးမြန်းပြီးတော့ ကျောင်းအုပ်၊ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၂ ဦးကိုဖမ်းသွားတယ်။ ဘယ်သူတွေက ဘာကြောင့် ဖမ်းသွားလဲ ဆိုတာတော့ မသိသေးဘူး။ ဒါပေမဲ့ ကျောင်းသားတွေရှေ့မှာ ဒီလိုကိစ္စတွေက လုံးဝ မလုပ်သင့်တဲ့ကိစ္စပါ။ နောက်ပြီး လက်နက်တကားကားနဲ့ လုပ်သွားတာဆိုတော့ ပိုတောင်ဆိုးသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေကတော့ ကျောင်းအုပ်အပါအဝင် ကျောင်းဆရာ၊ ဆရာမ ၅ ဦးကို KNLA/PDF တပ်ဖွဲ့က ဖမ်းဆီးတာလို့ ပြောဆိုကြပါတယ်။
အဲဒီ ဆရာ၊ ဆရာမတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတာလဲဆိုတာ ပြောပြလို့မရသေးဘူးလို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက်က ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့အတွက် KNU/KNLA တပ်မဟာ ၆ တာဝန်ခံ ပဒိုစောလစ္စတန်ကို DVB က ဆက်သွယ်ထားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဝဲခမိကျေးရွာဟာ သံဖြူဇရပ်-ရေး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ ကရင်တိုင်းရင်းသား အများစုနေထိုင်တဲ့ရွာဖြစ်ပြီး ရွာနားအနီးတဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇူလိုင် ၂၀ ကျော်ကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။