ကရင်နီပြည်နယ်မှာ ကယားလီဖုလူငယ်အဖွဲ့က ဖွင့်လှစ်ထားတဲ့ဘော်ဒါဆောင် ၂ ခုမှာ စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ Kayah Liphu Youth အဖွဲ့ဆီက သိရပါတယ်။
Kayah Liphu Youth အဖွဲ့ဟာ လွိုင်ကော်မြို့နယ်နဲ့ ဘော်လခဲမြို့နယ်အတွင်းမှာ မူလတန်းကနေ အထက်တန်းအထိ ကလေးငယ်တွေကို ဘော်ဒါဆောင် ၂ ခု ဖွင့်လှစ် စာသင်ကြားပေးနေပြီး ကလေးငယ် ၁၄၀ တက်ရောက်နေသလို စားရေးသောက်ရေးနဲ့ တကိုယ်ရည်သုံးပစ္စည်းကအစ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ကယားလီဖုလူငယ်အဖွဲ့တာဝန်ခံက “ဘော်ဒါဆောင်ရဲ့ စားဝတ်နေရေးအတွက် အလှူငွေတော့ ရှာရတယ်ပေါ့။ အမြဲတမ်းထောက်ပံ့ပေးတဲ့သူတော့မရှိဘူး။ အဆောင်မှာရှိတဲ့ကလေးတွေကတော့ ဟင်းစားတွေကတော့ ကိုယ့်ဟာကိုယ် စိုက်စားခိုင်းတာပေါ့။ အလှူရှင်ကတော့ လိုအပ်နေပါတယ်။ ကလေးတွေအတွက် ဆန်၊ ဆီ၊ ဆား၊ သူတို့နေဖို့အဆောင်၊ စာရေးကိရိယာတွေလည်း အစအဆုံး စီစဉ်ပေးရတာပေါ့နော်။ အဆောင်မှာနေရတဲ့ကလေးတွေက တကယ်လိုအပ်ချက်ရှိတဲ့ကလေးတွေပါ” လို့ ပြောပါတယ်။
ကယားလီဖုလူငယ်ဘော်ဒါဆောင်မှာ စာသင်ကျောင်းနဲ့ အလှမ်းဝေးတဲ့ဒေသမှာ စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေပညာသင်ကြားဖို့ လာရောက်နေထိုင်ကြတာဖြစ်ပါတယ်။