Home
မြန်မာသတင်း
ပင်လောင်းစစ်ရှောင် ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်
DVB
·
July 5, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက်ရှိ စစ်ဘေးရှောင် ၈,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းအများစုဟာ ဆောင်းပြောင်း၊ တောင်မဲသင်း၊ လုံးပျဉ်၊ နမ်းနိန်း၊ နမ်းဖာမူရွာတွေက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ ဖြစ်ကြပြီး လှုဦးရေများတာကြောင့် ထမင်းတနပ်လျှော့စားနေကြရတယ်လို့ စစ်ရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

“တိုက်ပွဲရှောင်ရတယ်ဆိုတော့ အဝတ်တထည်ကိုယ်တခုနဲ့ ကိုယ်အသက်မသေအောင်ဘဲ ထွက်ပြေးလာရတာ။ ခုဒီရောက်တော့ ရွာခံတွေ ကူညီတာရှိပေမဲ့ လူများတော့ လုံလောက်မှုမရှိဘူး။ အလှူရှင်လည်း မရှိဘူး။ တချို့က ဘုန်းကြီးကျောင်းဆောင်မှာနေတယ်၊ လူများတော့ နေရာမလောက်ဘူး။ တချို့ဘုန်းကြီးကျောင်းလည်း စစ်ရှောင်လက်မခံဘူးလေ။ လက်ခံတဲ့ ဘုန်ကြီးကျောင်းလည်း လူဦးရေကများတော့ အစစအရာရာ လိုအပ်နေတယ်။” 

စစ်ရှောင်တွေဟာ မတ်၊ ဇွန်နဲ့ ဇူလိူင်ပထမပတ်အတွင်း တိမ်းရှောင်လာကြတာ များတယ်လို့ စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတဦးက ပြောပါတယ်။ 

“ခုက နေရာတွေမရှိဘူး။ အသစ်လာတဲ့ စစ်ရှောင်ဆိုလက်ခံလို့မရတော့ဘူး။ စိတ်လည်းမကောင်းဘူးပေါ့နော်။ နေတာထိုင်တာလည်း အမျိုးသား၊ အမျိုးသမီးရောပြီး နေရ အိပ်နေရတာ။ စားသောက်တဲ့အပိုင်းလည်း ပြည့်ပြည့်ဝဝ စားသောက်ရတာမရှိဘူး။ NGO တွေ လာကူညီတာ မရှိဘူး။ မြို့ပေါ်နေသူတွေတော့ WFP ထောက်ပံ့တာရှိပေမဲ့ ရွာဘက်က မရဘူး။ မြို့ပေါ်ဆို ဘယ်အဖွဲ့လာလာ တောက်လျှောက်အကူအညီရတယ်။ ရွာဘက်တွေဆို စစ်ရှောင်လှုဦးရေများပြီး လုံးလုံးအကူညီမရတဲ့ စခန်းကများတယ်။” 

ပင်လောင်းမြို့တောင်ဘက် စစ်ရှောင်အများစုရှိရာ တောင်လေး၊ ဝါးလီး၊ ပင်ခွန်၊ စင်းတောင်း၊ နန်းထာ၊ ဆောင်ခါ၊ ထီဗိ၊ ဝါပြုံး စတဲ့ စစ်ရှောင်စခန်းတို့အပြင် တောထဲ တောင်ထဲလည်း ရှောင်သူများစွာ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ပင်လောင်းမြို့နယ်တောင်ဘက် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ကျေးရွာ ၃၀ ကျော်မှ ရွာသားတွေ ရွာမပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ပင်လောင်းမြို့နယ် တခုလုံးမှာ အခုထိ စစ်ဘေးတိမ်းရှောင်နေရသူ ၂၅,၀၀၀ နဲ့ အထက်ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024