ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ တောင်သူတွေ စိုက်ထားတဲ့ စပါးခင်းတွေကို ခရုတွေကဖျက်နေလို့ အခက်အခဲ ဖြစ်နေကြတယ်လို့ တောင်သူတွေ ပြောပါတယ်။
အခု ဇူလိုင်လကစပြီး ခရုတွေ ဝင်ရောက်လာကာ စပါးပင်ကို ကိုက်ဖြတ်တာ၊ စပါးအမြစ်ကို ကိုက်ဖြတ်တာတွေကြောင့် စပါးဧကများစွာ ပျက်စီးရတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “ခရုတွေက ဆေးဖျန်းတာလည်း မနိုင်ဘူး။ တချို့ ကောက်နိုင်တဲ့သူကျ ကောက်ကြတယ်။ ခရုဒီလိုပေါတာ ကြုံခဲတယ်။ ဒီနှစ်ကြုံတော့လည်း ထမင်းငတ်အောင်အထိကို ပေါတယ်” လို့ ပြောပါတယ်။
ညောင်ရွှေမြို့တောင်ဘက် အရှေ့ဘက်အင်း၊ အနောက်ဘက်အင်းက စပါးဧက ၈၀၀ ကျော်မှာ ခရုဖျက်ဆီးတာကို ကြုံနေရပြီး တချို့မှာ လယ်တကွက်လုံး ပျက်စီးသွားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
နောက်တောင်သူတဦးက “တချို့အကွက်ဆို ခရုတွေကိုက်တာ အရမ်းမြန်တယ်။ ၄ ရက်လောက်ပဲ ပစ်ထားတာကို ပြန်သွားကြည့်တော့ စပါးပင်က အကုန်ဝါနေပြီ။ လယ်စပါးပင်လည်း ကောက်နှုတ်ပြီး ပြန်စိုက်တာ ခုဆို ရက်ပိုင်းအရွယ်ဆိုတော့ အမြစ်နည်းနည်း ပျက်စီးတာနဲ့ စပါးအပင် မသန်တော့တာ၊ စပါးကောင်းကောင်းမသီးတော့တာတွေ ဖြစ်တယ်။ သေချာတယ် ဒီနှစ်တော့ စပါးအထွက်နည်းမယ်။ ဆန်စျေးနှုန်းတွေလည်း စျေးအရမ်းတက်တော့ နောက်နှစ် မိသားစု စားရေးသောက်ရေး စိုးရိမ်စရာတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
အခုလို ခရုပေါများတာ၊ လယ်တွေကို ခရုဖျက်ဆီးတာကို အခုနှစ်မှာ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ဖြစ်နိုင်တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။