ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ပိုင်းဒေသမှာ PNA ပြည်သူ့စစ်ရဲ့ စစ်သားစုဆောင်းခံရတဲ့ အင်းလေးဒေသခံလူငယ်တွေ အဆက်အသွယ်မရလို့ မိသားစုတွေ စိုးရိမ်နေကြပါတယ်။
ဖေဖော်ဝါရီလ အစောပိုင်းမှာ PNA ပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး ရွာသားတွေကို မဲနှိုက်ခိုင်းပြီးနောက် မဲကျတဲ့အိမ်ဆို တအိမ်တယောက် စစ်မှုထမ်းရပြီး မဲကျသူတွေကို သူတို့ ခေါ်သွားခဲ့ရာက အခု အဆက်အသွယ်မရတာ နှစ်ပတ်လောက်ရှိတော့မယ်လို့ ဆိုပါတယ်။
အင်းလေးဒေသခံတဦးက“သူတို့က ဘယ်ခေါ်သွားတယ်ဆိုတာ မသိရဘူး။ အိမ်နဲ့လည်း ဖုန်းဆက်သွယ် မလုပ်ခိုင်းဘူး။ သူတို့ခေါ်သွားတဲ့လူရဲ့ ဖုန်းကိုလည်း သိမ်းထားတယ်”လို့ ပြောပါတယ်။
တချို့ကျ မဲကျပြီး မသွားနိုင်တဲ့သူတွေက သွားချင်တဲ့လူငယ်၊ ပိုက်ဆံလိုချင်တဲ့လူငယ်ကို ကျပ်သိန်းဆယ်ချီပေးပြီး သွားခိုင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
နောက်ဒေသခံတဦးက “တချို့က သွားချင်ကြတယ်။ မသွားရဘူး။ အဲလိုလူဆို မသွားချင်တဲ့သူက ပိုက်ဆံနဲ့ငှားပြီး သွားခိုင်းတာရှိသလို တချို့က မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ ပိုက်ဆံယူပြီး သွားတာလည်းရှိတယ်။ အဲလိုလိုက်တဲ့လူဆို ငှားသူက တလဆိုရင် ၁၅ သိန်းလား၊ သိန်း ၂၀ လား စသဖြင့် ပေးငှားကြရတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူကျ မသွားချင်လည်း သွားရတယ်” လို့ ပြောပါတယ်။
အင်းလေးဒေသမှာ အခုလို အိမ်တိုင်ရာရောက် လာခေါ်တာ မကြာခဏရှိနေပြီး နောက်ထပ် သူတို့လာခေါ်မှာကြောက်လို့ ဒေသခံလူငယ်တွေ ထိုင်း၊ လာအိုဘက် ထွက်ပြေးသွားတာ တနေ့ထက်တနေ့ ပိုပိုများလာတယ်လို့ ဆိုပါတယ်။
PNA ခေါ်သွားတဲ့သူတွေဟာ ထီရီးရွာက ၁၅ ယောက်၊ ထီဟန်းတားရွာက ၇ ယောက်၊ အောင်ချမ်းသာရွာက ၅ ယောက်၊ ဟူရမ်းတောင်ရွာက ၅ ယောက်၊ ဟူရမ်းမြောက်ရွာက ၆ ယောက်၊ လွယ်ခေါ်ရွာက ၁၀ ယောက် ခေါ်သွားတယ်လို့ ဆိုပါတယ်။
အခု အင်းလေးဒေသတောင်ပိုင်း ကျေးရွာဘက်တွေမှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ လုံခြုံရေးကင်းလှည့်နေသလို ဒရုန်းပျံဝဲတာလည်း ရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီးမေးမြန်းဖို့ PNA တာဝန်ရှိသူ ဗိုလ်မှုးခွန်ထွန်းရွှေဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားပေးတာမရှိပါဘူး။